လေးမျက်နှာမြို့တွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အခြေပြု တာဝန်ခံမှု တာဝန်ယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာအုပ်စု စောပြာကျေးရွာတွင်  အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အခြေပြု တာဝန်ခံမှု တာဝန်ယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၁ဝ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဆွေးနွေးပွဲတွင် အမျိုးသမီးနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှုခံရခြင်း၊ လူမှောင်ခိုကူးခံရခြင်း၊ အဓမ္မစေခိုင်းခြင်း၊ မုဒိမ်းမှုဖြစ်ပွားခြင်း၊ လိင်လုပ်ငန်းများတွင် ရောင်းချခံရခြင်း စသည့် ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရန် ရှောင်ရန် အချက်များ၊ ကျား/မ ခွဲခြားမှုနှင့် အားလုံးပူပေါင်းပါဝင်၍ မြှင့်တင်ဆောင်ရွက်ပေးရမည့် အမျိုးသမီးနှင့် ကလေးငယ်များ၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ စသည်တို့ကို တက်ရောက်ဆွေးနွေးခဲ့ကြသည့် အမျိုးသမီးများ သိရှိပြီး အမျိုးသမီးထုနှင့် ကလေးသူငယ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိကာ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုလာနိုင်စေရန်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ စီစဉ်သူ လမ်းပြကြယ်စင် လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်ဇော်က ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စေတနာလူမှုဝန်ထမ်းအဖွဲ့နှင့် OXFAM အဖွဲ့တို့မှ နည်းပြများက ဆွေးနွေးပို့ချပေးလျက်ရှိပြီး ဥရောပသမဂ္ဂနှင့် OXFAM Myanmar အဖွဲ့က ငွေကြေးနှင့် နည်းပညာများ ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်ရှိ ကျေးရွာအုပ်စု ၄၈ အုပ်စုတွင် စုရပ် ၁၁ နေရာပြုလုပ်၍ ဆွေးနွေးနေခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် အမျိုးသမီး ၅၀ နှုန်းဖြင့် ၁၀ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)