ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဘားအံမြို့နယ်အတွင်းရှိ မဲရုံများတွင် မိဘပြည်သူများ အေးချမ်းလုံခြုံစွာ ကြိုတင်ဆန္ဒမဲ ပေးနေမှုများကို ကြည့်ရှု့အားပေး

ဘားအံ ၃၀  အောက်တိုဘာ 

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မဲရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲ ပေးနေမှုကို ကြည့်ရှု့အားပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ  အမှတ် (၆) ပြည်ထောင်စုရပ်ကွက်မဲရုံ၊  အမှတ် (၈) ရပ်ကွက် ထောင်ဝိမဲရုံ၊ အမှတ် (၇) ဇွဲမာန်လွင်ရပ်ကွက်မဲရုံ၊ လှာကဒေါင်ကျေးရွာအုပ်စု မဲရုံအမှတ် (၁) နှင့် (၂)၊ အုန်းတပင်ကျေးရွာအုပ်စု မဲရုံတို့ကို ကြည့်ရှု့အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိဘပြည်သူများ စိတ်ချလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ပေးအပ်ထားသော ဝန်ထမ်းများ၊ Volunteers စေတနာ့ ဝန်ထမ်းများ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများ၊ ရပ်/ကျေး ရွေးကော်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍  အားပေးစကား ပြောကြားကာ အများပြည်သူ ဆန္ဒမဲပေးရာတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား တိတိကျကျ လိုက်နာဆောင်ရွက်ပေးကြရန်၊ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ်မဲပေး နိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ပေးကြရန်၊ မဲရုံများ၏ လိုအပ်ချက်များကို မေးမြန်း၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)