ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဘားအံမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ၂၄ နိုဝင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်မည့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် စီမံကိန်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

a2

 

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် Ms. Patricia Fernandes တို့က အမှာစကားပြောကြားသည်။

ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထုဗဟိုပြု စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းပြောကြားသည်။

ထို့နောက် စီမံကိန်းမိတ်ဆက်ပွဲအခမ်းအနား တက်ရောက်လာသူများက စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

လူထုဗဟိုပြုစီမံကိန်း (Community Driven Development-CDD Project) ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ၊ ချေးငွေ၊ အီတလီအစိုးရမှ အတိုးမဲ့ နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ငွေများဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်ပေါင်း (၆၃) မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ စီမံကိန်း၏ အောင်မြင်အကျိုးဖြစ်ထွန်းမှုများကြောင့် ယခုစီမံကိန်း သတ္တမနှစ်စက်ဝန်းတွင် မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၁၃)မြို့နယ် တိုးချဲ့ဆောင်ရွက်ရန် လျာထားပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကို ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်