ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင် အသုံးပြုသည့် remdesivir ထိုးဆေးများ လှူဒါန်း

ရန်ကုန် ၂၃ စက်တင်ဘာ

အိန္ဒိယနိုင်ငံ Zydus cadila ဆေးကုမ္ပဏီမှ ထုတ်လုပ်ပြီး ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အသုံးပြုသည့် remdesivir ထိုးဆေးများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းပွဲကို စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၌ ပြုလုပ်သည်။

လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက် (ဘ်) ကူမားက ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ remdesivir ထိုးဆေးများ ပေးအပ်လှူဒါန်းသည်။

“ဒီဆေးက အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တာပါ။ လက်ရှိ အိန္ဒိယမှာလည်း ကိုဗစ်-၁၉ ရောဂါ ကုသရာမှာ အသုံးပြုနေပါပြီ။ ဒီဆေးက ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာ ခံစားနေရတဲ့ လူနာတွေနဲ့ ရောဂါအသင့်အတင့် ပြင်းထန်တဲ့ လူနာတွေကို ကုသတဲ့နေရာမှာ သုံးတာပါ” ဟု ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ပြောသည်။

 န်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားက “အခု မြန်မာနိုင်ငံကို လှူဒါန်းတဲ့ဆေးက အိန္ဒိယနိုင်ငံမှာရှိတဲ့ ဆေးဝါးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အတည်ပြုပြီး COVID-19 ပြင်းထန်စွာ ခံစားနေရတဲ့ လူနာတွေကို ကုသဖို့ အိန္ဒိယမှာ ကျယ်ပြန့်စွာ အသုံးပြုနေပါတယ်။ ဒီလှူဒါန်းမှုက မြန်မာနိုင်ငံမှာ တည်‌ထောင်ဖွင့်လှစ်ထားတဲ့ Zydus အုပ်စုရဲ့ ကုမ္ပဏီခွဲ Alidac Healthcare Myanmar Ltd က လှူဒါန်း ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ (၉၀၀,၀၀၀) တန်ဖိုးရှိသော ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ၊ ဆေးဝါးများနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများကိုလည်း အလားတူ ရည်ရွယ်ချက်ဖြင့် ၂၀၂၀ ပြည့်နှစ် မေလ ၆ ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သိရသည်။

သတင်း- မင်းသစ်(MNA)/ဓာတ်ပုံ- ကြည်ခိုင်ဦး