ကမ္ဘာကြီး နေမကောင်းတဲ့အခါ

၆ စက်တင်ဘာ

ကလေးလေးတို့ရေ မမတို့ ကလေးတို့အားလုံးနေကြတဲ့ မြန်မာနိုင်ငံဟာ ရာသီဥတုဖောက်ပြန်လာမှုဒဏ်ကို ဒုတိယ အဆိုးရွားဆုံးခံစားနေရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ရာသီဥတုဖောက်ပြန်တာက မမတို့နေထိုင်တဲ့ ကမ္ဘာကြီး နေမကောင်းတာနဲ့ အတူတူပါပဲ။ ဒီတစ်ပတ်မှာတော့ ကမ္ဘာကြီးနေမကောင်းရင်ဖြစ်တဲ့ ရာသီဥတုဖောက်ပြန်တယ်ဆိုတာ ဘာလဲဆိုတာကို ကလေးတို့ကို ပြောပြချင်ပါတယ်။

ကမ္ဘာကြီးရဲ့အပေါ်မှာ နေရောင်ခြည်ကို တိုက်ရိုက် မရနိုင်အောင် ကာကွယ်ပေးထားတဲ့ လေထုအလွှာကြီးတွေ ရှိသတဲ့။ အဲဒီထဲမှာ ဓာတ်ငွေ့တွေ အများကြီးပါတာပေါ့ကွယ်။ သူတို့က ကမ္ဘာမြေကြီးပေါ် နေရောင်တိုက်ရိုက်မကျအောင် ကာဆီးထားပေးတာပေါ့။ လူသားတွေက အခုနောက်ပိုင်းမှာ လောင်စာတွေ သုံးကြတာ၊ သစ်ပင်တွေ ခုတ်လှဲကြတာ ကြောင့် ထွက်ပေါ်လာတဲ့အပူတွေ၊ ကာဗွန်ဒိုင်အောက်ဆိုက် တွေဟာ ကမ္ဘာကြီးကို ကာကွယ်ပေးတဲ့ လေထုထဲကို ရောက်သွားတဲ့အခါ မှန်လုံအိမ်ဓာတ်ငွေ့တွေ ပိုများ လာတာပေါ့။

မမတို့နိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့က ၂၂၀ Mt အထိ ရှိနေတာပါ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ၊ လျှပ်စစ်နဲ့အပူသုံးစွဲမှု တွေ၊ ဒီဇယ်လောင်စာတွေသုံးနေတာတွေနဲ့ စွန့်ပစ်မှု တွေ၊ လယ်ယာမြေပြောင်းလဲတာတွေနဲ့ သစ်တောတွေကို ခုတ်ပစ်တာတွေကြောင့် အခုလို ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ များလာရတာပေါ့။ ကမ္ဘာကြီးတစ်ခုလုံး မှာတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုထည်က ၅၀၆၀၀ Mt ရှိပါသတဲ့။ အဲဒီလို ကာဗွန်ဒိုင်အောက်ဆိုက် များများပါတဲ့ လေထုကြီး မှန်လုံအိမ်ဓာတ်ငွေ့တွေ များလာလေလေ ရာသီဥတုတွေ ဖောက်ပြန်လာလေလေ ပေါ့ကွယ်။

အကျိုးဆက်တွေ

ဆောင်းရာသီမှာ ပုံမှန်မဟုတ်တဲ့ အအေးမျိုးအထိ ဖြစ်လာတာ၊ နွေရာသီမှာ ပုံမှန်မဟုတ်တဲ့ အပူချိန်မျိုး ဖြစ်တာ၊ မိုးခေါင်တာ၊ မိုးကြီးတာ၊ လေပြင်းတိုက်တာ၊ မိုးကြိုးမုန်တိုင်းနဲ့ အခြားမုန်တိုင်းအမျိုးမျိုးတို့ တိုက်ခတ် တာတွေဟာ ရာသီဥတု ဖောက်ပြန်မှုတွေပဲပေါ့ ကလေး တို့ရေ။

အကျိုးဆက်အနေနဲ့ကတော့ မိုးတွေရွာရမယ့်အချိန်မှာ မရွာဘဲ မိုးခေါင်တာ၊ မိုးရွာတဲ့အခါမှာလည်း မရပ်မနား အလွန်အမင်းရွာသွန်းလို့ ရေတွေကြီးတာ၊ ပင်လယ်ရေ မျက်နှာပြင်တွေ မြင့်တက်ပြီး ရေတိုက်စားကုန်တာတွေ ကြုံရတတ်တာပေါ့။ ဥပမာပြောရရင် နာဂစ်မုန်တိုင်းကြီး ၂၀၀၈ ခုနှစ်မှာ မမတို့နိုင်ငံကို တိုက်ခတ်ခဲ့တယ်။ တစ်ခါမှ မကြုံခဲ့ဖူးတဲ့ မုန်တိုင်းကြီးရဲ့ ရက်စက်မှုကြောင့် လူဦးရေ ၁၃၈၀၀၀ ခန့် သေဆုံးခဲ့ပြီး ၈၀၀၀၀၀ လောက်က အိမ်တွေမရှိတော့ဘဲ အခြားနေရာတွေကို ပြောင်းရွှေ့ နေထိုင်ခဲ့ရတယ်။ ဒါဟာ ရာသီဥတုဖောက်ပြန်မှုအတွက် မမတို့ခံစားခဲ့ရတဲ့ ထင်ရှားတဲ့အရာတစ်ခုပေါ့။ ဒါတင်မက သေးပါဘူး။ ကလေးမြို့မှာ ရေတွေကြီးလို့ လူတွေ ဒုက္ခရောက်တာတွေလည်း အများကြီးရှိခဲ့ပါတယ်။

ဘယ်လို

တွန်းလှန်ကြမလဲ

ရာသီဥတု ဖောက်ပြန် တာတွေကို တွန်းလှန်ဖို့နည်း လမ်းတွေတော့ ရှိပါတယ်။ အဲဒါကတော့ သစ်ပင်တွေကို ချစ်ခင်မြတ်နိုးပြီး မပြတ် စိုက်ပျိုးတာ၊ သစ်ပင်တွေ ခုတ်လှဲမှုကို တားမြစ်တာ၊ မြစ်ကမ်းနားက လမုတော တွေ၊ ဒီရေတောတွေကို ပိုမိုရှင်သန်အောင် ကြိုးပမ်း တာနဲ့ လောင်စာတွေ အသုံး ပြုတာကို ရှောင်ကြဉ်တာ၊ တောင်ယာတွေ မီးရှို့တာ နဲ့ သစ်ရွက်မီးရှို့တာတွေ ကိုလည်း ရှောင်ကြဉ်သင့် ပါတယ်။

ကလေးတို့ဟာ မလိုအပ်ဘဲ အဲကွန်း၊ တီဗွီ အစရှိတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကို လျှော့သုံးကြမယ်၊ကားစီးမယ့်အစား လမ်းလျှောက်ကြမယ်၊ မလိုအပ်တဲ့ အသုံး အဆောင်တွေက လျှော့ချကြတာနဲ့ ဒေသထွက်ကုန်တွေ ကို အားပေးတာအပြင် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချ တာတွေကနေ ရာသီဥတုဖောက်ပြန်မှုကို တားဆီး ကာကွယ်နိုင်ပါတယ်နော်။ ကလေးတို့လည်း ကမ္ဘာကြီး နေမကောင်းတဲ့ ဘေးကနေ ကာကွယ်ပေးလိုက်ကြပါ ဦးနော်။

ကေ - ဂျူဝယ်လ်