ကလေးတိုင်းမှာရှိသင့်တဲ့ စာအုပ်စင်ကလေး

၂၈ ဇွန်

 

ကလေးလေးတို့အားလုံး မင်္ဂလာပါနော်။ ဒီတစ်ပတ်မှာတော့ ကျောင်းဖွင့်ခါနီးလာလို့ ပျော်နေကြမယ့် ကလေးတို့ အားလုံးကို မမက စာအုပ်စင်လေးနဲ့ ကလေးတို့ရဲ့ ယဉ်ကျေးပျူငှာမှုလေး ဆက်စပ်နေတဲ့အကြောင်းကို ပြောပြဖို့ ရွေးချယ်ထားပါတယ်။ “အလိမ္မာ စာမှာရှိ” ဆိုတဲ့ ဆိုရိုးစကားလေးကို ကလေးတို့ သိကြတယ်မဟုတ်လား။ စာအုပ်၊ စာပေ တွေဟာ ကလေးတို့အတွက် အကောင်းဆုံးအဖော်မွန် ဖြစ်သလို စာပေကို ဖတ်ရှုလေ့လာရင်း ပိုပြီးလိမ္မာ ယဉ်ကျေးအောင်၊ ဗဟုသုတတွေရအောင်နဲ့ ဖော်ရွေပျူငှာတဲ့ လူမှုဆက်ဆံရေးအတတ်ပညာတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ကလေးတို့ဟာ စာအုပ် ကလေးတွေနဲ့ မိတ်ဆွေဖြစ်ဖို့က သိပ်ကို အရေးကြီးပါတယ်နော်။ စာအုပ်ကလေးတွေကို ရိုရိုသေသေကိုင်တွယ်ရင်း၊ သေသေသပ်သပ်ထားရှိရင်းကနေ ကိုယ်တိုင်အတွက်ရော၊ အားလုံးကိုပါ အကျိုးပြုနိုင်တာမို့ လောက၀တ်လေးတစ်ခုပဲလို့ မမကတော့ ထင်ပါတယ်။

 

ကလေးတို့ရဲ့စာအုပ်စင်

 

စာအုပ်စင်အကြီးကြီးမဟုတ်ရင်တောင် စာအုပ်လေးတွေကို စနစ်တကျစီထားနိုင်မယ့် သေတ္တာလေးဖြစ်ဖြစ်၊ မုန့်ပုံးလေးဖြစ်ဖြစ် ထားပေးဖို့ လိုပါတယ်။ ကလေးတို့ စာအုပ်စင်လေးမှာ ရှိရမယ့်စာအုပ်တွေက ကလေးတို့ရဲ့ ကျောင်းစာအုပ်တွေ၊ ပုံပြင်စာအုပ်နဲ့ ဆေးရောင်ခြယ် စာအုပ်၊ ပန်းချီဆွဲစာအုပ်မျိုးတွေ ရှိရမှာပါ။ ကလေးတိုင်း ဟာ ကျောင်းစာတွေအပြင် အခြားဗဟုသုတရဖို့အတွက် ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်လေးတွေကိုလည်း ချစ်ခင် ဖို့ သိပ်ကိုအရေးကြီးသလို၊ ရိုရိုသေသေကိုင်ပြီး နောက်လူကို လက်ဆင့်ကမ်းဖတ်ရှုစေတာကလည်း ကောင်းမွန်တဲ့ လောက၀တ်လေးတစ်ခု ဖြစ်ပါတယ်။


စီစီရီရီထားမယ်


စာအုပ်ကလေးတွေကို ညီညီညာညာနဲ့ စီတန်းထား တာမျိုးကို လေ့ကျင့်ထားသင့်ပါတယ်။ ကလေးတို့ဟာ စာအုပ်စာတမ်းတွေ၊ စာစောင်တွေကို စုတ်ဖြဲပစ်တာမျိုးဟာ ယဉ်ကျေးမှုမရှိတဲ့ကလေးတွေသာ လုပ်ကြပြီး လိမ္မာ ရေးခြားရှိတဲ့ ကလေးတွေအနေနဲ့ ရှောင်ကြဉ်ဖို့ လိုပါတယ်။ ကိုယ်ပိုင်စာအုပ်လေးတွေတိုင်းကို ရက်စွဲလေးတွေနဲ့ ကလေးတို့ရဲ့ ကိုယ်ပိုင်လက်မှတ်ကလေးတွေ ထိုးထား မယ်ဆိုရင် အသက်ကြီးလာတဲ့အချိန်အထိ မှတ်မှတ်ရရ ဖြစ်စေနိုင်ပါသေးတယ်။


စာအုပ်ငှားပါ၊ ပြီးရင်ပြန်ပေးပါ


စာအုပ်တွေကို ငှားရမ်းဖတ်ရှုတာဖြစ်ဖြစ်၊ ကိုယ်ပိုင် ၀ယ်သိမ်းတာဖြစ်ဖြစ် စနစ်တကျထားဖို့တော့ လိုပါ တယ်။ စာအုပ်တွေဟာ ဖတ်ပြီးရင် အခြားသူတွေကိုလည်း ကလေးတို့က ငှားရမ်းဖတ်ရှုခွင့် ပြုပေးသင့်ပါ တယ်။ ဒါမှသာ ကလေးတို့သူငယ်ချင်းတွေလည်း ဗဟုသုတတွေရပြီး လိမ္မာယဉ်ကျေးတဲ့ ကလေးတွေ ဖြစ်လာမှာမို့ပါ။ အကယ်၍ ကလေးတို့က သူတစ်ပါး ဆီက ငှားရမ်းဖတ်ရှုတဲ့အခါမှာလည်း စနစ်တကျ ပြန်ပေး၊ စနစ်တကျဖတ်ရှုတာနဲ့ စာအုပ်တွေ မပျက်စီးရအောင် ကိုင်တွယ်မြတ်နိုးပါလို့ မမက အကြံပြုပါရ စေနော်။ ။

 

မမမေ