ကလေးသူငယ်နှင့် ကလေးစာပေ

 

မှော်ဝန်းသီဟ

 

"ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး"ဟု ဆိုကြသကဲ့သို့ ယနေ့ ကလေးသူငယ်များသည် အနာဂတ်၏ ခေါင်းဆောင် များ ဖြစ်ကြသည်။ နိုင်ငံတော်၏ အနာဂတ်အားမာန် များဖြစ်သည့် ကလေးသူငယ်များကို ငယ်ရွယ်နုနယ်သော ကလေးအရွယ်ကတည်းကပင် ကောင်းမွန်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာများနှင့်ပြည့်စုံရန် ပြုစုပျိုးထောင်ရာ၌ ကလေးစာပေသည်လည်း အရေးကြီးသည့် ကဏ္ဍတစ်ခု အနေဖြင့် ပါဝင်နေပါသည်။

 

ကလေးစာပေဆိုသည်မှာ ကလေးသူငယ်များအတွက် စိတ်ဝင်စားဖွယ် ကဗျာ၊ စကားပြေပုံစံများဖြင့် ကလေး သူငယ်များ နားလည်လွယ်သော အဓိပ္ပာယ်များနှင့် အကြောင်း အရာများကို ရေးသားထားသည့် စာပေမျိုးဖြစ်သည်။

 

"စာပေသည် ကလေးသူငယ်များ အတုယူရမည့် စိတ်နေသဘောထားများ၊ ကြိုးစားချင်သော၊ သင်ယူလို သော၊ တီထွင်ဆန်းသစ်လိုသော အတွေးအခေါ်များ၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အစရှိသည့် စိတ်ဓာတ် ကောင်းတို့ကို ဖန်တီးပေးနိုင်သည်။

 

ကလေးသူငယ်များအတွက် ကလေးစာပေ ရှိသင့် သည်ဟူသော အယူအဆသည် ၁၉ ရာစုခန့်ကပင် ဥရောပ ၌ ထွန်းကားလာသည့် အယူအဆတစ်ရပ် ဖြစ်ပါသည်။ ဥရောပတိုက်၌ ပုံနှိပ်စက် မပေါ်မီကပင် ကလေးသူငယ် များအတွက် ဖတ်ရှုစရာ စကားထာများ၊ သင်ခန်းစာများ၊ ကဗျာများနှင့် ပုံပြင်တို့ကို ထားရှိခဲ့ကြသည်။

 

ယင်းစကားထာ၊ ပုံပြင်များကို ဖတ်ရှုကြရသဖြင့် ကလေးသူငယ်များသည် လူ့အကြောင်းနှင့် လူ့လောကအကြောင်းအရာများကို စွဲမြဲစေခဲ့သည်။ ကဗျာ များသည်လည်း ကလေးသူငယ်များကို သဘာဝလောကကြီး နှင့် မိတ်ဆက်ပေးသည့်အပြင် ကောင်းမွန်သည့် ကိုယ်ကျင့် တရားများကိုလည်း မျိုးစေ့ချပေးနိုင်သည်ဟု ယုံကြည်ခဲ့ကြ သည်။

ကမ္ဘာအရပ်ရပ်ရှိ စာပေအမျိုးအစားများတွင် ဒဏ္ဍာရီ နှင့် ရိုးရာပုံပြင်များ၊ ကဗျာလင်္ကာများနှင့် သားချော့တေး ကဗျာများ၊ ဟာသနှင့် စိတ်ကူးယဉ်ပုံ ဝတ္ထုများ၊ သမိုင်း ဇာတ်လမ်းများ၊ ဖြစ်ရပ်မှန်ဇာတ်လမ်းများ၊ ဗဟုသုတ အကြောင်းအရာများ၊ သရုပ်ပြစာပေ (ရုပ်စုံ၊ ကာတွန်း) စသည့် အမျိုးအစားတို့ကို ကလေးစာပေများအဖြစ် တွေ့ရှိရသည်။

 

"ကလေးစာပေအစ ရှေးပုံပြင်က" ဟု ဆိုနိုင်သည်။ ပုံပြင်များသည် ကလေးသူငယ်များအတွက် ဘယ်သော အခါမျှ ရိုးမသွားနိုင်သည့်အပြင် မှတ်သားအတုယူနိုင်သော သင်ခန်းစာများစွာလည်း ပါဝင်နေသည်။ ကလေးသူငယ် များကို ဒဏ္ဍာရီနှင့် ရိုးရာပုံပြင်များကို နားထောင်စေခြင်း၊ ဖတ်ရှုစေခြင်းသည် စာဖတ်ဝါသနာ ပေါ်ထွန်းလာစေသည့် အပြင် စာရိတ္တကောင်းမွန်ကာ ဗဟုသုတကြွယ်ဝလာစေ နိုင်သည်။

 

ကဗျာလင်္ကာများနှင့် တေးကဗျာများသည်လည်း ကလေးသူငယ်များ နှစ်သက်ကြသည့် အမျိုးအစားဖြစ် သည်။ အသက် သုံးနှစ်မှ (၁၀) နှစ်အရွယ် ကလေးသူငယ် များအတွက် ကဗျာလင်္ကာများသည် ပိုမိုထိရောက်သည်။ တေးကဗျာများကို ရေးစပ်သူများသည် တိရစ္ဆာန်ကျေး ငှက်ကလေးများအကြောင်း၊ ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင်နှင့် အာကာသတို့အကြောင်းကို ကလေးများနေရာ၌ ဝင်ရောက်ခံစားကာ ကလေးများ၏ ဉာဏ်အမြင်နှင့် မျက်လုံးတွင် ပုံပေါ်လာစေရန် ရေးစပ်ခဲ့ကြသည်။

 

ကလေးသူငယ်များအနက် အချို့ကလေးများသည် သဘာဝဆန်သော ပုံပြင်များကို ကြိုက်နှစ်သက်ကြပြီး အချို့ကလေးများသည် ရဲရင့်သော သူရဲကောင်းဇာတ်လမ်း များကို ကြိုက်နှစ်သက်ကြသည်။ အချို့ကလေးများသည် ထူးထူးခြားခြား အကြောင်းအရာများနှင့် တစ္ဆေသရဲ အကြောင်းအရာများကို ကြိုက်နှစ်သက်ကြ၍ အချို့ကလေး များသည် မိမိပတ်ဝန်းကျင်ရှိ အကြောင်းအရာများကို ကြိုက်နှစ်သက်ကြသည်။ ထို့ကြောင့် ကလေးစာပေများကို ရေးသားပြုစုရာတွင် ကလေးသူငယ်များ၏ အကြိုက်အပေါ် အခြေခံကာ ဖန်တီးသင့်သည်။

 

ကလေးသူငယ်များအတွက် ပုံပြင်များတွင် ပျော်ရွှင် ဖွယ်ကောင်းသည့် ဇာတ်သိမ်းပိုင်းနှင့် ကောင်းမွန်သော ဦးတည်ချက်များ ပါရှိသင့်သည်။ ကလေးသူငယ်များသည် အကြောင်းအရာ အလေးပေးသော၊ ဆုံးမသွန်သင်မှု များလွန်းသော စာများကို မနှစ်သက်ကြပေ။ ထို့အပြင် စာသားများလွန်းသော၊ ရှည်လွန်းသော ဝါကျစာကြောင်း များကို စိတ်ဝင်စားမှု နည်းကြသည်။ ထို့ကြောင့် ကလေး စာပေများ ဖန်တီးရာ၌ ယင်းအချက်များကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။

 

မိဘများနှင့် ဆရာ ဆရာမများကလည်း ကလေး သူငယ်များ စာဖတ်ချင်စိတ်ဖြစ်လာစေရန် အားပေးသင့် သည်။ ထုတ်ဝေဖြန့်ချိသူများကလည်း ကလေးစာပေ၊ စာအုပ်များအား ရောင်းကောင်းရုံမျှသာ မဟုတ်ဘဲ ကလေး များ တကယ်ဖတ်ချင်သော စာအုပ်များကို ထုတ်ဝေသင့်သည်။

 

ထို့အပြင် ကလေးသူငယ်များ စာပေနှင့် ပိုမိုထိတွေ့လာ စေရန် ကလေးစာပေပွဲတော်များကိုလည်း ကျင်းပပေးသင့် သည်။ ကလေးစာပေပွဲတော်များတွင် ကလေးစာပေများ ကို တွဲဖက်ကာ ရောင်းချပေးခြင်းကြောင့် ကလေးစာပေ အမြောက်အမြားနှင့် ထိတွေ့ခွင့်ရရှိပြီး စာအုပ်ဝယ်သည့် အလေ့အထနှင့် စာဖတ်သည့် အလေ့အထတို့ကို ပို၍ရရှိစေ နိုင်ပါသည်။

 

စာအုပ်စာပေများသည် ကလေးသူငယ်တို့၏စိတ်တွင် တစ်သက်တာ စွဲမြဲစေနိုင်သည့် အရာဖြစ်သည်။ ကလေး စာပေဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်နှင့် တစ်မျိုးသား လုံး၏ နောင်ရေးဖြစ်ကာ လူမှုဆက်ဆံရေးအတွက် ရင်းနှီး မြှုပ်နှံမှုဟုပင် ဆိုနိုင်သည်။

 

ကလေးစာပေများသည် ကလေးသူငယ်များအား စာပေပတ်ဝန်းကျင်၌ ပျော်ရွှင်စေရန်၊ သိချင်တတ်ချင်သော စိတ်ဆန္ဒကို ဖြည့်ဆည်းပေးရန်၊ ဗဟုသုတပေးရန် ဟူသည့် ရည်ရွယ်ချက် (၃) ရပ်ကို ဖော်ဆောင်ပေးနိုင်သည့် စာပေ အဖြစ် ရပ်တည်ရမည် ဖြစ်သည်။

 

ထိုကောင်းမွန်သော ရည်ရွယ်ချက်များနှင့်အညီ ကလေးသူငယ်များအတွက် အကျိုးရှိသည့် ကလေးစာပေ များ ပိုမိုပေါ်ထွန်းလာစေရေးအတွက် မိဘနှင့် ဆရာ ဆရာမ များ၊ စာပေပညာရှင်များနှင့် ထုတ်ဝေသူများက တွဲလက် ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ရေးသားအပ်ပါသည်။ ။

 

ကြေးမုံ