ကြက်ငှက်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရာသီမရွေး ကူးစက်ကျရောက်ဖြစ်ပွား တတ်သဖြင့် မိမိတို့ကြက်/ဘဲ၊ ငုံးခြံများတွင် အဆိုပါရောဂါကူးစက်ကျရောက်ခြင်းမရှိစေရေးအတွက် မွေးမြူ ရေး ခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်ပါသည်။ ကြက်ငှက် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည် -

(က) ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊

(ခ) ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ၊ ငုံးအရှင် ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဂ) အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူနှင့် ယာဉ်အဝင်/အထွက် ထိန်းချုပ်ရန်၊

(ဃ) ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများအတွင်း အပူချိန်၊ စိုထိုင်းဆန် လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊

(င) မွေးမြူရေးခြံအတွင်းသို့ ဝင်ရောက်ပါက နှာခေါင်းစည်း၊ လက်အိတ် စသည့်အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်၊

(စ) ကြက်၊ ငှက်များကို ကိုင်တွယ်ပြီးတိုင်းနှင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးခြံများမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊

(ဆ) အသားနှင့် ဥတို့ကို သေချာစွာ ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးရန်၊

(ဇ) ကြက်၊ ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

(ဈ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန