ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အရှိန်လျော့ကျလာပြီဖြစ်တဲ့ စပိန်

ကလျာမိုးမြင့်

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရတဲ့ စပိန်မှာ လက်ရှိရောဂါကူးစက်ဖြစ်ပွားမှုဟာ တဖြည်းဖြည်းနဲ့တော့ အရှိန်လျော့လာပြီလို့ စပိန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ မတ် ၃ဝ ရက်မှာ နောက်ထပ်လူပေါင်း ၆၄၀၀ ထပ်မံကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီး အဲဒီကိန်းဂဏန်းဟာ တစ်ပတ်အတွင်း ရောဂါကူးစက်ခံရသူ တိုးပွားလာမှု အနိမ့်ဆုံးပမာဏဖြစ်တယ်လို့ သိရပါတယ်။

 

ညွှန်ကြားချက်ထုတ်ပြန်

သေဆုံးသူအရေအတွက် ၈၁၂ ဦး ထပ်မံပေါ်ထွက်လာပြီးနောက်မှာတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ စုစုပေါင်း ၇၃၄၀ ရှိသွားပါပြီ။ တစ်နိုင်ငံလုံး အဝင်အထွက်ပိတ်ဆို့မှုကာလကို တိုးချဲ့လိုက်ပြီး မဖြစ်မနေ အလုပ်လုပ်ဆောင် ဖို့မလိုတဲ့ အလုပ်သမားတွေကို ရက်သတ္တနှစ်ပတ်ကြာအောင် နေအိမ်ထဲမှာ သာနေထိုင်ကြဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်တဲ့ နောက်မှာ ခုလိုရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန်အဟုန်လျော့ကျလာတာ ဖြစ်ပါတယ်။

 

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့သူ အရေအတွက်ဟာ ၇၅၅၅၉၁ ဦးရှိနေပြီး ၃၆၂၁၁ ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံအတွင်း ကပ်ရောဂါကျရောက်မှုကို တုံ့ပြန်ဆောင်ရွက်ရာမှာ ရှေ့ဆုံးကနေ ဦးဆောင် ပါဝင်နေတဲ့ စပိန်ဆရာဝန်တစ်ဦးဟာဆိုရင်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

 

အမြင့်ဆုံးအခြေအနေရောက်ရှိခဲ့

စပိန်ရဲ့ နောက်ဆုံးရ ကိန်းဂဏန်းအချက်အလက်တွေအရ ဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ အရှိန်ပြန်ကျလာဖွယ်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အရန်ချာဂွန်ဇာ လက်ဇ်က ပြောခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးအတိုင်းအတာတစ်ခု ကို ရောက်ရှိနေပြီလို့ အာဏာပိုင်တွေက မျှော်လင့်နေပြီး အဲဒီကာလကို ကျော်လွန်သွားရင် ထပ်မံကူးစက်ခံရမှုတွေနဲ့ သေဆုံးမှုတွေလျော့ကျသွား လိမ့်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ ကက်တလိုနီးယား၊ ဘော့စ်ဒေသနဲ့ မက်ဒရစ်မြို့တွေကတော့ အဆိုးဆုံးထိခိုက်ခံစားနေရတဲ့ နေရာတွေအဖြစ် ဆက်လက်ကျန်ရှိနေဆဲပါပဲ။

 

အပြင်ထွက်ခွင့် ပိတ်ပင်

ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ဖို့ တစ်နိုင်ငံလုံးနီးပါး အဝင်အထွက်ပိတ်ဆို့ လိုက်တဲ့အမိန့်ဟာ မတ် ၁၄ ရက်ကတည်းက စတင်အသက်ဝင်ခဲ့တာဖြစ်ပြီး ဒေသခံတွေဟာ လုပ်ငန်းခွင်သွားရောက်တာ၊ မရှိမဖြစ်တဲ့ စားသောက်ကုန်တွေ နဲ့ဆေးဝါးတွေ သွားဝယ်တာမျိုးကလွဲပြီး နေအိမ်ထဲကနေ အပြင်ကိုထွက်ခွင့် မရှိပါဘူး။ ရောဂါကူးစက်မှုနှုန်းဟာ တစ်ရက်ကို ၁၂ ရာခိုင်နှုန်းလောက် မြင့်တက်နေပြီး မတ် ၂၅ ရက်မတိုင်ခင်ကဆို တစ်ရက်ကို ၂၀ ရာခိုင်နှုန်းလောက်ကို မြင့်တက်နေခဲ့တာဖြစ်ပါတယ်။

 

မလိုအပ်တဲ့ လှုပ်ရှားသွားလာမှုမှန်သမျှကို တင်းတင်းကျပ်ကျပ် တားမြစ် ပိတ်ပင်လိုက်တဲ့အမိန့်ဟာ လက်ရှိကာလကနေ လာမယ့် ဧပြီ ၉ ရက်အထိ ဆက်လက်အသက်ဝင်နေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

အကြီးဆုံးစိန်ခေါ်မှု

စပိန်ဆေးရုံတွေရဲ့ အထူးကြပ်မတ်ကုသဆောင်တွေအပေါ်မှာ ကျရောက်နေတဲ့ဖိအားဟာ စပိန်ရဲ့ အကြီးဆုံးစိန်ခေါ်မှု တစ်ခုဖြစ်လျက်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ယနေ့မှာ အသစ်ချမှတ်လိုက်တဲ့ စည်းကမ်းတွေက ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်စေဖို့ ၎င်းက မျှော်လင့်ထားတာဖြစ်ပါတယ်။ အီတလီနဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှာ ရောဂါကူးစက်မှုတွေ မကြုံစဖူးများပြားတဲ့ အရေအတွက် လောက်အထိဖြစ်ပွားနေချိန် စပိန်တစ်နိုင်ငံတည်း ကွဲထွက်ပြီး ရောဂါမကျရောက်ဘဲ ကျန်ရစ်နေဖို့က ဘယ်လိုမှ မဖြစ်နိုင်တာပဲလို့ ၎င်းက ဆိုပါတယ်။

 

ကူးစက်ခံရ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကျရောက်မှုအပေါ် နိုင်ငံရဲ့ တုံ့ပြန်ဆောင်ရွက်မှုမှာ ရှေ့ဆုံးက ဦးဆောင်ခဲ့သူလည်းဖြစ်၊ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်စ်နဲ့ ပုံမှန်ဆက်သွယ်မှုလည်းရှိသူဖြစ်တဲ့ ဒေါက်တာဖာနန်ဒိုဆိုင်မွန်ဟာ အခုဆိုရင် ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေကို အောက်မေ့တဲ့ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်အနေနဲ့ တစ်မိနစ်စာ ငြိမ်သက်ခြင်းအခမ်းအနားကို မတ် ၃၀ ရက်က မက်ဒရစ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ စပိန်ဟာ ကမ္ဘာမှာ အီတလီပြီးရင် သေဆုံးသူအရေအတွက် အမြင့်ဆုံးနိုင်ငံ တစ်ခုအဖြစ် မှတ်တမ်းဝင်နေပါတယ်။

 

ကျန်တဲ့ဥရောပနိုင်ငံများအခြေအနေ

ဂျာမနီနိုင်ငံမှာ ရောဂါကူးစက်ဖြစ်ပွားမှုဟာ စပိန်နဲ့ အီတလီမှာဖြစ်နေတဲ့ ပမာဏလောက်အထိ မရောက်ရှိခဲ့ပေမယ့် မတ် ၃ဝ ရက်မှာ ထပ်မံကူးစက် ခံရသူ ၄၇၅၁ ဦးရှိလာပြီး စုစုပေါင်းရောဂါဖြစ်ပွားသူအရေအတွက် ၅၇၀၀၀ အထ ိရောက်ရှိခဲ့ပါတယ်။ ဒီထဲမှာ သေဆုံးသူအရေအတွက် ၅၄၁ ဦးဖြစ်ပါတယ်။

 

တခြားနိုင်ငံတွေနဲ့မတူတာက ရောဂါလက္ခဏာမပြင်းထန်တဲ့ ကူးစက်ခံရသူတွေကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် သေဆုံးမှုပမာဏဟာ တခြားနိုင်ငံတွေနဲ့စာရင် နည်းပါးခဲ့တယ် လို့သိရပါတယ်။

 

ကျန်းမာရေးစောင့်ရှောက်မှုစနစ် ခိုင်မာကျယ်ပြန့်

ဂျာမနီရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟာဆိုရင်လည်း အတော်လေးကို ခိုင်မာကျယ်ပြန့်တာကြောင့် ပြင်းပြင်းထန်ထန်ဖျားနာနေတဲ့ လူနာအရေအတွက် အများအပြားကို လွှမ်းခြုံနိုင်ခဲ့တဲ့အတွက် အသေအပျောက် လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံက လူနာအများအပြားကို စတားဘာ့ဂ်ကနေ ဂျာမန်ဆေးရုံတွေဆီ ရဟတ်ယာဉ်တွေနဲ့ မတ် ၃၀ ရက်က ပို့ဆောင်ခဲ့ကြရပါတယ်။

 

ရုရှားနိုင်ငံ မော်စကိုမြို့မှာတော့ အစိုးရက ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် ဒေသခံပြည်သူ ၁၂ သန်းကို အဝင်အထွက်ပိတ်ဆို့မှု စတင်လုပ်ဆောင်နေပါပြီ။ ဩစတြီးယားမှာတော့ ဈေးဝယ်သူတွေဟာ စတိုးဆိုင်တွေ ထဲဝင်တဲ့အခါ နှာခေါင်းစည်းတပ်ဆင်ထားဖို့ အာဏာပိုင်တွေက မနေ့ကပဲ ကြေညာခဲ့ပါတယ်။

 

တရုတ်နိုင်ငံအခြေအနေ

ကမ္ဘာ့နိုင်ငံအများစုမှာ ကပ်ရောဂါကိုထိန်းချုပ်နိုင်ဖို့အတွက် အရေးပေါ် လမ်းညွှန်ချက်တွေ၊ စည်းကမ်းကြပ်မတ်မှုတွေ ပိုမိုတင်းကျပ်စွာ ချမှတ်နေချိန် ရောဂါစတင်ပေါက်ဖွားရာ ဗဟိုချက်မဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ အဆိုးဆုံး အခြေအနေတွေကို ကျော်လွန်ပြီးတဲ့နောက် မျှော်လင့်ချက်အလင်းရောင်တွေ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ရောဂါစတင်အစပြုခဲ့ရာ ဇာစ်မြစ်ဖြစ်တဲ့ ဟူပေပြည်နယ်မှာ အခုဆိုရင် ပုံမှန်အတိုင်း လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပြီး မြို့တွင်းအခြေအနေတွေဟာလည်း ကောင်းမွန်နေတယ်လို့ သိရပါတယ်။    ။

ကိုးကား - ဆင်ဟွာ၊ ဘီဘီစီ