ကျိုက်မရောမြို့နယ်၌ အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်

ကျိုက်မရော ၁၃ ဩဂုတ်

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ဩဂုတ် ၁၁ ရက်တွင် ကျိုက်မရောမြို့နယ်၊ လှကဇိုင်းကျေးရွာအုပ်စု၊ လှကဇိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

 

သင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးမောင်၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအေးနိုင်၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုနှင့် ဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါသင်တန်းအား ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျေးလက်ဒေသမှ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်၊ မိသားစုဝင်ငွေတိုးမြှင့်ရရှိရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ယခုသင်တန်းအား သင်တန်းသူ(၂၀) တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက် ၃၀ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည် ကျိုက်မရောမြို့နယ်တွင် Cash For Work (CFW) စီမံကိန်း ဆောင်ရွက်လျက်ရှိသော နောင်နောင်ကုန်းကျေးရွာ၊ လွှစင်ကုန်းကျေးရွာနှင့် သုံးအိမ်စုကျေးရွာတို့အား လည်းကောင်း၊ Village Revolving Fund Project (VRFP) ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ဆောင်ရွက်လျက်ရှိသော မြကုန်းကျေးရွာ၏ ရန်ပုံငွေထုတ်ချေးနေမှုများအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ဇော်ရှိန်း(ဓာတု)