ကိုဗစ်-၁၉ ကုသရေးစင်တာမှ အပြင်ခိုးထွက်ကာ စျေးဝယ်သည့် အတည်ပြုလူနာနှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်

mdn

မန္တလေး ၂၇ အောက်တိုဘာ

 

ကိုဗစ်-၁၉ ကုသရေးစင်တာမှ အပြင်ခိုးထွက်ကာ စျေးဝယ်သည့် အတည်ပြုလူနာနှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

၎င်းတို့သည် မန္တလေးမြို့ ခုတင် ၃၀၀ ဆေးရုံမှ ဆေးရုံအတွင်း ကာရံထားသည့် သံဇကာများကို ကျော်ထွက်ကာ ၆၂ လမ်းပေါ် ဆေးရုံအရှေ့ဘက်က ကွမ်းရာဆိုင်တွင် ကွမ်းဝယ်ခဲ့ပြီး မျက်နှာချင်းဆိုင်မှ စတိုးဆိုင်တွင် ဆေးလိပ်ဝယ်နေသည်ကို တွေ့ရှိရသဖြင့် ဆေးရုံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရကြောင်း သိရသည်။

 

ရဲက အမှုဖွင့်ထားတယ်။ ထိခိုက်နစ်နာစေချင်လို့ အရေးယူတာမဟုတ်ဘူး။ ထပ်ပြီး ဒီလိုမျိုးထွက်တာတွေ ဖြစ်လာမှာစိုးလို့ လုပ်ရတာပါဟု ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်က ပြောသည်။

 

အဆိုပါနှစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာဖြစ်သောကြောင့် မန္တလေးမြို့ ခုတင် ၃၀၀ ဆံ့ဆေးရုံကြီးတွင် ကုသမှုခံယူနေရသူများ ဖြစ်သည်။

 

ဖြိုးအိ