ကိုဗစ်-၁၉ ကာလ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ခရီးသည်၀င်ထွက်မှုကျဆင်း၊ ခြောက်လတာအတွင်း ခရီသည် ၁ ဒသမ ၅သန်းသာ ၀န်ဆောင်မှုပေးနိုင်ခဲ့

ရန်ကုန် ၁၅ ဇူလိုင်

 

မြန်မာနိုင်ငံ၏ အဓိကလေကြောင်းခရီးသွားလာမှု ဝင်ထွက်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၀၂၀ ပြည့်နှစ်၏ ပထမ ၆ လတာကာလ (ဇန်နဝါရီလမှ ဇွန်လ) အတွင်း ပြည်တွင်းပြည်ပခရီးသည် အရေအတွက် ၁ ဒသမ ၅ သန်းကို လက်ခံဝန်ဆောင်မှုပေးခဲ့ပြီး ယခင်နှစ်ကာလတူတွင် လက်ခံဝန်ဆောင်မှုပေးခဲ့သော ခရီးသည်ပမာဏနှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

 

တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 သည် Yangon Aerodrome Company Limited (YACL) ထံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်အား စတင်လွှဲပြောင်းပေးခဲ့သည့် ၂၀၁၅ ခုနှစ်မှစ၍ ငါးနှစ်တာကာလအတွင်း နှစ်စဉ် လေကြောင်းခရီးသွားပမာဏအား အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။

 

ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်များမှအပ နိုင်ငံတကာခရီးစဉ် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့မှ စတင်ဆိုင်းငံ့ထားခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် ဝင်ထွက်သွားလာမှု အကြိမ်ရေ ၈၈၅၇ မျှသာရှိပြီး ၅၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရကြောင်း Yangon Aerodrome Company Limited (YACL) မှ ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

 

ပြည်တွင်းလေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှုများမှာ အကြိမ်ရေ စုစုပေါင်း ၁၃၁၅၁ မျှသာရှိခဲ့ပြီး အလားတူကာလများထက် ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အဓိကချိတ်ဆက် ပျံသန်းပြေးဆွဲလျက်ရှိသည့် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယားနှင့် ဗီယက်နမ် စသည့်နိုင်ငံများသို့ လေကြောင်းခရီးစဉ်ပြေးဆွဲမှုများမှာမူ ပျမ်းမျှ ၆၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍသည် ရပ်တန့်ခဲ့ရပြီး မိတ်ဖက်စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် လေဆိပ်အတွင်းရှိ လေကြောင်းလိုင်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် အရောင်းဆိုင်ခန်းများ၏ ပုံမှန်လည်ပတ်မှုများကို အကျိုးသက်ရောက်မှုများရှိခဲ့သည်။

 

ထို့ပြင် YACL ၏ Chief Operating Officer ဖြစ်သူ Mr. Jose Angeja က “လေဆိပ်လုပ်ငန်း ပုံမှန် ပြန်လည်စတင်တဲ့အခါမှာလည်း လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု၊ ပြည်သူ့ကျန်းမာရေး အစီအမံလိုအပ်ချက်များနှင့် နိုင်ငံတကာ စံနှုန်းနှင့်ကိုက်ညီသော လုပ်ငန်းစီမံဆောင်ရွက်ချက်များ၊ ပြန်လည်လည်ပတ်ရေးလုပ်ငန်းစဉ်များကို သတိကြီးစွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိ YIA ရဲ့ အပြောင်းအလဲဟာလည်း "New Normal" ပုံစံ လေကြောင်းခရီးသွားလာရေးအဖြစ် အနည်းဆုံး ကာလအပိုင်းအခြားတစ်ခုထိ ဖြစ်နေမှာပါ" ဟု ပြောကြားထားသည်။

 

ခင်ရတနာ