ကိုဗစ်-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ၊ စပါးမျိုးသန့်ထုတ် တောင်သူများအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ထုတ်ပေးသွားမည်

မြောင်းမြ ၁၁ သြဂုတ်   

 

နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလစီးပွါးရေးကုစားမှု အစီအစဉ်၊  Covid-19 Economic Relief Plan (CERP) အရ စပါးမျိုးသန့်ထုတ် တောင်သူများအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ထုတ်ပေးသွားမည်ဖြစ်ကြောင်း  သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  မျိုးသန့်မျိုးစေ့ထုတ်လုပ်သူ တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းပွဲမှ သိရသည်။

 

 "မျိုးသန့် မျိုးစေ့ထုတ်လုပ်တဲ့ တောင်သူတွေ Covid-19 ကာလမှာ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲမရှိရလေအောင် စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်၊ အရည် အသွေးကောင်း မျိုးစေ့ ထုတ်လုပ်မှုအတွက် တစ်ဧကကို ကျပ် တစ်သိန်း ငါးသောင်းကျော်နဲ့ အထွက် ကောင်းမျိုး စိုက်ပျိုးသူအတွက် တစ်ဧကကို ကျပ် တစ်သိန်း လေးသောင်းကျော် ပံ့ပိုးပေးမှာဖြစ်ပြီး  မြောင်းမြခရိုင်အတွင်း မျိုးစေ့မျိုးသန့်ထုတ် စိုက်ဧက ၇၆၀  အတွက်  နိုင်ငံတော်က ကျပ်သိန်းပေါင်း (၁၁၃၆) သိန်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်" ဟု ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစိုးသိန်း က  ပြောကြားသည်။

 

မြောင်းမြမြို့နယ်အတွင်း မျိုးစေ့ မျိုးသန့်ထုတ်လုပ်ဧက ၂၇၀၊ မျိုးသန့်စိုက်ပျိုးထုတ်လုပ်သူ တောင်သူ ၆၁ ဦး ရှိပြီး ယခုလို နိုင်ငံတော်က ပံ့ပိုးမှုအတွက် မျိုးသန့်မျိုးစေ့ထုတ် တောင်သူတွေက နိုင်ငံတော်သို့ တစ်စုံတစ်ရာ ပြန်လည်ပေးဆပ်စရာ မလိုအပ်ဘဲ အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ထုတ်လုပ်မှု ပိုမိုတိုးတက်စေရန်နှင့် တောင်သူများ အထွက်နှုန်းကောင်းမွန်သော မျိုးသန့်မျိုးစေ့များ စိုက်ပျိုးခြင်းဖြင့် ကျေးလက်နေတောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တွေ့ဆုံ ညှိနှိုင်းပွဲတွင် ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ၊ မျိုးသန့်မျိုးစေ့ထုတ် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ခရိုင် ပြန်ဆက်