ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မတ္တရာ  ၃၁  အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်မှာ နိုင်ငံတော်၏ထောက်ပံ့မှု တိုင်းဒေသကြီးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့၏ လမ်းညွှန်မှုများဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်လျက်ရှိသော မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးသန့်စပါးမျိုးများ ရရှိစေရန်အတွက် ဒုတိယအကြိမ် မျိုးကွဲပယ်ခြင်း လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာနှင့် ဝန်ထမ်းမှ ရေနံ့သာကျေးရွာရှိ တောင်သူ ဦးသန့်ဇော်လင်း၏ ‘မေ’စပါးမျိုးသစ်စိုက်ခင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

မတ္တရာမြို့နယ်တွင် အရည်အသွေးကောင်းနှင့် အထွက်ကောင်းစပါးမျိုး မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများကို တောင်သူ ၅၃၆ ဦး စုစုပေါင်း ၂၉၄၄ ဒသမ ၃ ဧက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများဆောင်ရွက်ရာ၌ နိုင်ငံတော်မှ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းခန့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ဒေသခံလယ်ယာလုပ်သားများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)