ချင်းတွင်းမြစ်ဝှမ်းဒေသရှိ ပြည်သူများ ရေကြောင်းအာမခံလုပ်ငန်းများအပေါ်  စိတ်ဝင်စားမှုနည်း နေသေးဟုဆို

မုံရွာ ၂၇  ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက် ရေကြောင်းကို အသုံးပြုလုပ်ကိုင်လျက်ရှိသော  ပြည်သူများအနေဖြင့် ရေကြောင်းအာမခံလုပ်ငန်းအပေါ် စိတ်ဝင်စားမှုနည်းနေသေးကြောင်း  မြန်မာ့အာမခံလုပ်ငန်း(စစ်ကိုင်းတိုင်းဒေသကြီးရုံး)မှ တိုင်းဒေသကြီးမန်နေဂျာ ဦးတင်မောင်သန်း၏ ပြောကြားချက်အရ သိရသည်။

““တချို့ရေယာဉ်တွေကြတော့ ပြင်ပပုဂ္ဂလိက အာမခံလုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတာဆိုတော့ ကျွန်တော် တို့ မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ ရေယာဉ်တွေ ကုန်ပစ္စည်းကို ရေကြောင်းအာမခံထားရှိရေး စည်းရုံးဖို့ ခက်ခဲတယ်၊ ပြည်သူတွေအနေနဲ့ကလည်း ရေကြောင်းအာမခံလုပ်ငန်းကို စိတ်ဝင်စားမှု နည်းနေသေးတယ်၊ အခု အခြေအနေကတော့ စည်းရုံးနေရတဲ့ အဆင့်မှာပဲ ရှိနေတုန်းပဲ။ အများအားဖြင့် ရေကြောင်းအာမခံထားရှိမှု မရှိတာများနေတယ်”” ဟု မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီးရုံး)မှ တိုင်းဒေသကြီးမန်နေဂျာ ဦးတင်မောင်သန်းက ပြောသည်။

ရေကြောင်းအာမခံလုပ်ငန်းကို အစိုးရပိုင်ပစ္စည်းများ ချင်းတွင်းမြစ်ကြောင်းအတွင်းမှ သယ်ယူမှုရှိပါက အာမခံထားရှိသော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြင်ပအာမခံလုပ်ငန်းများတွင်သာထားရှိခြင်း၊ လုပ်ငန်းငယ်များကို လုပ်ကိုင်ကြသော ပြည်သူများအနေဖြင့် ကုန်ပစ္စည်းအမျိုးအမည်များသော်လည်း ကုန်ချိန်အနည်းငယ်သာ တင်ဆောင်ဖြစ်ခြင်းကြောင့် ရေကြောင်းအာမခံကို ထားရှိခြင်း မရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)