ချမ်းမြရွှေပြည်(ကျွဲဆည်ကန်)ယာယီ အဝေးပြေးယာဉ်ရပ်နားစခန်း ဂိတ်ခန်းနေရာများ မဲစနစ်ဖြင့် နေရာချထား

မန္တလေး  ၁၇   ဖေဖော်ဝါရီ

 

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊တံခွန်တိုင်အဝိုင်းအနီးရှိ အသစ်ဆောက် လုပ်ထားသော ချမ်းမြရွှေပြည်(ကျွဲဆည်ကန်)ယာယီအဝေးပြေးယာဉ်ရပ်နားစခန်း ဂိတ်ခန်းနေရာများ မဲစနစ်ဖြင့် နေရာချထားဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၁၆ နံနက်ပိုင်း က ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ကားကွင်းပထမထပ်တွင် ပြုလုပ်သည်။

 

ထို့သို့ဆောင်ရွက်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာန မှ ဌာနမှူး ဦးသက်နိုင်နှင့် တာဝန်ရှိသူများ၊ ကားဂိတ်များစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များနှင့် ဂိတ်ခန်း၊ ဆိုင်ခန်း ရှင်များနှင့် ကိုယ်စားလှယ်များ၊ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကွင်းတွင် ဈေးဆိုင်ခန်း (၁၀ဝ)ခန်းနှင့် ကားအသင်း(၁၅၆)သင်း တို့မှ  ဂိတ်ခန်း (၂၁၃)ခန်း အား မဲနှိုက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

52

 

အဆိုပါ တံခွန်တိုင်အဝိုင်းအနီးရှိ ယာယီအဝေးပြေးယာဉ်ရပ်နားစခန်းသည် မြေအကျယ် (၁၀)ဧက ပေါ်တွင် ဆောက်လုပ်ထားပြီး ကျွဲဆည်ကန် ကားဂိတ်အရေအတွက်အတိုင်း ဆိုင်ခန်းပေါင်း(၃၀ဝ)ကျော် အား မဲနှိုက်ဆောင်ရွက်ခြင်းဖြစ်သည်။

 

မန္တလေးမြို့မှာ အဝေးပြေးကား အများဆုံးဝင်ထွက်သွားလာ အသုံးပြုနေသည့် ကျွဲဆည်ကန် ကားကွင်းကို အဆင့်မြှင့်တင်ဖို့အတွက် အသစ်ဆောက်လုပ်ထားသော ယာယီအဝေးပြေး ယာဉ်ရပ်နားစခန်းသို့ မော်တော်ယာဉ်ဂိတ် အားလုံး ရွေ့ပြောင်းရမည်ဖြစ်ကြောင်း သိရသည်။

 

ကျွဲဆည်ကန်ကားကွင်း အဆင့်မြင့်တင်ရန် M-Development Coporation (Myanmar) ကုမ္ပဏီ က ၂၀၁၅ ခုနှစ်တွင် BOT စနစ်ဖြင့် နှစ်(၅၀)လုပ်ကိုင်ခွင့်ရရှိထားပြီး နိုင်ငံတကာအဆင့်မီကားကွင်း အဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို (၂)နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဟု သိရသည်။

 

 

သန်းဇော်မင်း(ပြန်/ဆက်)