ချော်ရည်ပူတွေနဲ့ မီးတောင်ကြီးတွေ

ကေ-ဂျူဝယ်လ်

ကလေးတို့ မီးတောင်ကြီးတွေအကြောင်း စိတ်ဝင်စားကြသလား။ မမတို့နိုင်ငံမှာ ပုပ္ပားတောင်ဆိုတာ ရှိတယ်လေ။ သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မီးတောင်ဖြစ်ခဲ့ဖူးပြီး အခုအချိန်မှာတော့ ချော်ရည်ပူတွေ၊ မီးတောက်မီးလျှံတွေ လုံးဝ ငြိမ်းသွားတဲ့ မီးတောင်ဟောင်းတစ်ခုပေါ့။ မင်းဘူးမြို့နားမှာလည်း ရွှံ့ရည်တွေ တစ်ပွက်ပွက်နဲ့ လျှံကျနေတဲ့ ရွှံ့မီးတောင်ရှိသလို ရခိုင်ပြည်နယ်မှာလည်း ရွှံ့မီးတောင်ငယ်လေးတွေတော့ ရှိကြတယ်။ ဒီနေ့ မမပြောပြချင်တာက မီးတောင်အမျိုးအစားတွေထဲက ချော်ရည်တွေ၊ အခိုးအငွေ့တွေနဲ့ မီးတောက်တွေ လျှံကျပေါက်ကွဲတတ်တဲ့ မီးတောင်ရှင်တွေအကြောင်း ဖြစ်ပါတယ်။

အေဒီ ၁၆၀၀ လောက်ကနေစတဲ့ မှတ်တမ်းမှတ်ရာတွေအရ ကမ္ဘာပေါ်မှာ မီးတောင်ပေါက်ကွဲတဲ့အတွက် လူပေါင်းသုံးသိန်းကျော် သေဆုံးခဲ့ကြရဖူးတယ်တဲ့။

မီးတောင်တွေ ဖြစ်ပေါ်လာကြရတဲ့အကြောင်းရင်းကတော့ ကလေးတို့ အခုနေတဲ့ ကမ္ဘာမြေကြီးအောက်မှာ မြေလွှာတွေ၊ ရေလွှာတွေ၊ ကျောက်သားလွှာတွေရှိပြီး အဲဒါတွေရဲ့ အတွင်းပိုင်းမှာ အလွန်ပူပြင်းတဲ့ ချော်ရည်ပူတွေ ရှိသတဲ့။ အဲဒီချော်ရည်ပူတွေဟာအတွင်းမှာ ဖိအားများလာတဲ့အခါ အပြင်ကို ထိုးထွက်နိုင်ဖို့ ကြိုးစားတာပေါ့။ ကမ္ဘာကြီးရဲ့ မြေသားပျော့တဲ့နေရာတွေ၊ အက်ကြောင်းတွေကနေ ချော်ရည်ပူတွေ တိုးထွက်လာလိုက်တာ သူဖြတ်သန်းသမျှ အလွှာတွေက ကျောက်သားတွေ၊ မြေသားတွေ အားလုံးကို တွန်းကန်လာပြီး တစ်နေရာမှာတော့ အပြင်ကို ပေါက်ကွဲပန်းထွက်တော့တာပေါ့။ အဲဒါကို မီးတောင်ပေါက်ကွဲတယ်လို့ ခေါ်ပါတယ်။

မီးတောင်တွေ မပေါက်ကွဲခင်မှာ အရင်ဆုံးကမ္ဘာမြေကြီးက သိမ့်သိမ့်တုန်ပြီး လှုပ်ခတ်လာသတဲ့။ အဲဒါက မီးတောင် ပေါက်ခါနီး မြေငလျင်လှုပ်တာ ဖြစ်ပါတယ်။ ငလျင်တွေ လှုပ်ခတ်ပြီးမကြာမီမှာပဲ မြေသားပျော့တဲ့နေရာကနေ ချော်တွေ၊ မီးခိုးငွေ့တွေ၊ ပြာတွေနဲ့ ကျောက်တုံးတွေ၊ မီးတောက်မီးလျှံတွေနဲ့ ဆာလ်ဖာဓာတ် ပေါင်းထားတဲ့ ဓာတ်ငွေ့တွေ၊ ကလိုရင်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့တွေဟာ အပြင်ကို တိုးထွက်လာတော့တာပဲ။ မီးတောင်နဲ့ အနီးပတ်ဝန်းကျင်ဟာ ချော်ရည်တွေနဲ့ ဖုံးလွှမ်းသွားပြီး ချော်ရည်တွေက တဖြည်းဖြည်းများလာ တဲ့အခါ မြင့်မားတဲ့တောင်ကြီးလိုဖြစ်သွားပြီး ချော်ရည်တွေက အေးခဲမာကျော သွားတော့တာပေါ့။ ချော်ကျောက်တောင်တွေရဲ့ အလယ်မှာတော့ မီးတောင်ကြီးရဲ့ ထိပ်ဝရှိတယ်။ မီးတောင် ထိပ်ဝကနေ ဘာမှထပ်ပြီး မထွက်တော့ဘဲ နှစ်ပေါင်းများစွာ ကြာသွားပြီးမှ ရုတ်တရက် မီးတောင်တွေအဖြစ် ပြန်ပြီးပေါက်ကွဲတာ မျိုးလည်း ရှိတတ်သတဲ့။

အေဒီ ၇၉ တုန်းက ဥရောပတိုက် အီတလီနိုင်ငံက ဗီဆူးဗီးယပ် မီးတောင်ကြီး ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် ပွန်ပီအိုင်မြို့ကြီးက လူတွေ၊ အိမ်တွေနဲ့ အရာဝတ္ထုတွေအားလုံး ပြာရည်တွေ ဖုံးလွှမ်းသွားပြီး ပြာကျောက်ခဲဖြစ်ခဲ့ရဖူးပါတယ်။

 

3552


မီးတောင်တွေက အခုလိုကမ္ဘာကြီးသက်တမ်းရှည်လာတော့ သိပ်မထွက်ကြတော့ပေမယ့် အရင်ကမ္ဘာကြီး သက်တမ်းနုတုန်းကဆိုရင် ခဏခဏပေါက်ကွဲထွက်တတ် ကြသတဲ့။ မီးတောင်တွေကို အာရှ၊ ဥရောပစတဲ့ တိုက်ကြီးတွေပေါ်မှာထက် ပင်လယ်သမုဒ္ဒရာတွေထဲက ကျွန်းတွေမှာ ပိုပြီးတွေ့ရသတဲ့။ ရေအောက်မှာလည်း မီးတောင်ပေါက် ကွဲမှုဖြစ်စဉ်တွေ ရှိတတ်ပြီး ဆူနာမီလှိုင်းလုံးကြီးတွေလို ကြီးမားတဲ့ ရေလှိုင်းကြီးတွေဖြစ်လာတတ်သတဲ့။ မီးတောင် ချော်ရည်မှာတော့ နှစ်မျိုးရှိပြီး ချော်ရည်ပူတွေထဲမှာ ဆီလီကာ ၅၈ ရာခိုင်နှုန်းလောက်ပဲပါရင် ကမ္ဘာမြေ အောက်ဆုံးလွှာတွေကနေ ထွက်လာတာဖြစ်ပြီး အပူချိန် ဖာရင်ဟိုက် ၂၂၅၀ ဒီဂရီလောက်မှာ အရည်ပျော်သွားတာဖြစ်ပြီး ဗေးဆစ်ချော်ရည်လို့ ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ ကမ္ဘာမြေလွှာ အပေါ်ပိုင်းက ပေါက်ကွဲထွက်တာဖြစ်ပြီး ချော်ရည်တွေကလည်း ခပ်ပျစ်ပျစ်ရှိပြီး အက်ဆစ်ချော်ရည်လို့ ခေါ်ပါတယ်။

အက်ဆစ်ချော်ရည်က အရည်ပျစ်တဲ့အတွက် မီးတောင်ရဲ့ပုံစံက မြင့်မားပြီး မက်စောက်ပါတယ်။ ဗေးဆစ် ချော်ရည်ထွက်တဲ့ မီးတောင်တွေကတော့ နိမ့်ပြီးဖြာကျတဲ့ တောင်တွေအဖြစ် ကျန်ရစ်ပါတယ်။ ဆာလ်ဖာဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့တွေဟာ မီးတောင်ပေါက်ကွဲမှုမှာ အရေးပါတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။

မီးတောင်ဝရဲ့အောက်မှာ အဲဒီဓာတ်ငွေ့တွေများတဲ့အခါ ထိပ်ဝက ကျောက်သားတွေ၊ ချော်ရည်ပူတွေကို တွန်းထုတ်ပြီး အပြင်ကို ပို့ဆောင်ပေးတာကြောင့် မီးတောင်ပေါက်ကွဲမှုဖြစ်ရင် ကြက်ဥပုပ်နံ့နဲ့ တူတဲ့ ဆာလ်ဖာဒိုင်အောက်ဆိုက်ဒ်နံ့တွေကို ရရှိကြပါတယ်။ အဲဒီအနံ့ဟာ များပြားတဲ့အခါ အနီးအနားက သက်ရှိတွေကို သေစေတဲ့အထိ အန္တရာယ်ပေးသလို ချော်ရည်ပူတွေနဲ့အတူ ထွက်လာတဲ့ မီးခိုးငွေ့တွေ၊ ပြာမှုန်တွေကြောင့်လည်း လေထုညစ်ညမ်းတာတွေ၊ လေယာဉ်ပျံသန်းမှုကို အနှောင့်အယှက် ဖြစ်စေတာတွေရှိပါတယ်။

ထူးခြားတာကတော့ သဘာဝကပေးတဲ့ ချော်ရည်တွေ ဖုံးလွှမ်းသွားတဲ့နေရာတွေဟာ တစ်ချိန်မှာ မြေသြဇာ ကောင်းမွန်တဲ့ မြေဆီအသစ်အဖြစ် သစ်ပင်ပန်းမန်တွေ အတွက် အလွန်အကျိုးရှိပါတယ်။ မီးတောင်ပြာမှုန်တွေကနေ သဘာဝဘိလပ်မြေလို အရာတွေကိုလည်း ထုတ်လုပ်ရရှိနိုင် ပါတယ်။ မကြာခဏဆိုသလိုလည်း မီးတောင်အသေးလေးတွေ ပေါက်ကွဲတာ၊ မီးတောင်ကြီးတွေကနေ ချော်ရည်တွေ ထွက်နေတာ၊ ပေါက်ကွဲတာတွေကို သတင်းတွေမှာ မြင်ကြရမှာပါ။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်က မြေကြီးတွေဟာ ပူနွေးလာရင်၊ ချောင်းတွေ၊ ရေထွက်ပေါက်တွေနဲ့ ရေကန်ထဲက ရေတွေ နွေးလာခဲ့ပြီး ငလျင်လည်းမကြာခဏ လှုပ်နေတယ်။ မြေကြီးထဲကနေ ဆူညံသံတွေကိုကြားလာရပြီဆိုရင် မီးတောင်ပေါက်ကွဲနိုင်တဲ့ အငွေ့အသက်ဖြစ်တာမို့ မီးတောင်ရှိရာဒေသကလူတွေဟာ သတိထားကြရပါတယ်။ ကမ္ဘာမြေကြီးအကြောင်း လေ့လာတဲ့ ဘာသာရပ် ကျွမ်းကျင်သူတွေကတော့ အမြဲသတိထားပေးပြီး စောင့်ကြည့်ပေးနေတာပါ။ ကလေးတို့လည်း မမတို့နိုင်ငံက မီးတောင်သေတစ်ခုဖြစ်တဲ့ ပုပ္ပါးတောင်ကိုသွားပြီး မီးတောင်တွေအကြောင်း ပိုသိရအောင် ကွင်းဆင်းလေ့လာ ကြည့်ခွင့်ရပါစေလို့ မမက ဆုတောင်းပေးလိုက် ပါတယ်နော်။ ။