ချောင်းရေတိုက်စားမှုကြောင့် သဲတောလေးကျေးရွာ ချောင်းကူးတံတားကျိုးပြတ်ပြီး ကျေးရွာနှစ်ရွာတွင် ရေဝင်ရောက်လျက်ရှိ

မိတ္ထီလာ  ၃  ဩဂုတ်

 

 

မိတ္ထီလာမြို့နယ် သဲတောလေးကျေးရွာတွင် မိုးအဆက်ပြတ်ရွာသွန်းမှုကြောင့် ယနေ့ နံနက် ၉ နာရီခန့်က ကျေးရွာချောင်းကူးတံတား ကျိုးပြတ်ပြီး သဲတောလေးကျေးရွာနှင့် မြင်သာကျေးရွာတို့တွင် ချောင်းရေ ၂ ပေခန့် ဝင်ရောက်လျက်ရှိကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

 

“မနေ့က မိုးလည်းအဆက်မပြတ်ရွာတယ်။ ဒီနေ့လည်း မိုးအဆက်မပြတ် ရွာနေတာဆိုတော့ ရွာအနီးက ခါးကော့ချောင်းနဲ့ နတ်စင်ချောင်းရေတွေလျှံပြီး သဲတောလေးကျေးရွာ ချောင်းကူးတံတား ခါးလယ်က ကျိုးသွားတယ်။ တံတားအရှည်က ပေ ၄ဝ ၊ အကျယ်က ၁၂ ပေ ဖြစ်ပြီး အောက်က ရေပြွန်လုံး ခြောက်လုံးခန့်ကို ဘိလပ်မြေနဲ့ ကျောက်ကွန်ကရစ်လောင်းထားတဲ့ တံတားဖြစ်ပါတယ်။ လတ်တလော သဲတောလေးကျေးရွာနဲ့ မြင်သာကျေးရွာအတွင်းမှာ ချောင်းရေ ၂ ပေခန့် ဝင်ရောက်နေပါတယ်” ဟု ဂဠုန်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမိုး က ပြောသည်။

 

 

သဲတောလေးကျေးရွာတွင် အိမ်ခြေ ၉ဝ ကျော်နှင့် မြင်သာကျေးရွာတွင် အိမ်ခြေ ၂ဝ ရှိပြီး ချောင်းရေဝင်ရောက်မှုကြောင့် နေထိုင်ရန် ခက်ခဲသည့် လူနေအိမ်အချို့နှင့် ကျွဲနွားအချို့ကို ရေလွှတ်ရာနေရာများသို့  ယာယီပြောင်းရွှေ့ နေထိုင်ရေးအတွက် ဆောင်ရွက်ထားရှိပေးထားကြောင်း ၄င်းကပြောသည်။

 

 

ချမ်းသာ (မိတ္ထီလာ)