ကော့သောင်းမြို့တွင် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယဘုရား လှည့်လည်ပူဇော် ပွဲခြိမ့်ခြိမ့်သဲ ကျင်းပ

ကော့သောင်း     ၁၂   နိုဝင်ဘာ

 

ကော့သောင်းမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်း လ ပြည့်ည နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယ ဘုရား ဒေသစာရီ လှည့်လည်ပူဇော် ပွဲ  ကို နိုဝင်ဘာ ၁၁ ရက်   တန်ဆောင်မုန်း လပြည့်ည ညနေ(၆) နာရီ က  စုရပ်ဖြစ်သည့် (၇)မိုင် ကျေးရွာမှ စတင်ကာ ကော့သောင်းမြို့တွင်းသို့ ဒေသစာရီ လှည့်လည် အပူဇော်ခံသည်။

 

နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်လှည့်လည်ပူဇော်ပွဲသည် တန်ဆောင်မုန်းလဆန်းပိုင်းမှ စတင်ကာ စံကျောင်းတော်ဖြစ်သည့်   ကော့သောင်းမြို့  ပြည်တော်အေးသာသနာဗိမ္မာန်တော်မှ   မြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများ ၊  အသင်းအဖွဲ့ များ   ပွင့်စဉ်အလိုက်မဲစနစ်ဖြင့်   ပင့်ဆောင်ကြကာ မိမိတို့ ရပ်ကွက်/ကျေးရွာများ တွင် သီတင်း(၂)ပတ်မျှ   ယာယီကိန်းဝပ်စံပယ်  အပူဇော်ခံကာ   ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို ဆင်ယင်ကျင်းပကြသည်။

 

ထို့နောက် တန်ဆောင်မုန်းလပြည့်ညတွင်  ပွင့်စဉ်အလိုက်စီတန်းကာ မြို့တွင်းသို့ ဒေသစာရီ လှည့်လည် အပူဇော်ခံကြရာ ရပ်ကွက်အလိုက်ပြည်သူများမှ ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ လှူဒါန်းခြင်း၊ မီးရှူး မီးပန်းများ ပစ်ဖောက်ပူဇော်ခြင်း ၊ စတုဒိသာအကျွေးအမွေး များဖြင့် တည်ခင်းကျွေးမွေး လှူဒါန်းခြင်းများဖြင့်   တန်ဆောင်မုန်း လပြည့်ညသည် တစ်မြို့ လုံးအုံးအုံး ကျွက်ကျွက်ဖြင့်  ခြိမ့်ခြိမ့်သဲ စည်ကားလှကြောင်း သိရှိရ သည်။

 

ကျော်စိုး (ကော့သောင်း)