ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင် ကူညီခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

နေပြည်တော် ၂ ဇူလိုင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများပေးအပ်ပွဲကို ယ​မန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပြည်တွင်း၊ ပြည်ပပြန်များအား အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ကော်မတီဝင်များမှ ကိုဗစ်-၁‌၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုငွေများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ကိုဗစ်-၁‌၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး Our Lovely Groupမှ စေတနာ့ဝန်ထမ်း ဦးအောင်ဇော်ထွေးမှ  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဂျိုင်းလော