ဟားခါးမြို့၌ ကိုဗစ် - ၁၉ လူနာသုံးဦး ဆေးရုံဆင်းခွင့်ရ၍ လူနာတစ်ဦးသာ ကျန်ရှိ

ဟားခါး ၃၀ အောက်တိုဘာ 

 

ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် ကိုဗစ် - ၁၉ အတည်ပြုလူနာ သုံးဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ အောက်တိုဘာ ၃၀ ရက်တွင် ဆေးရုံ ဆင်းခွင့် ရရှိခဲ့သည်။

 

ဆေးရုံဆင်းခွင့်ရရှိသူများအနက် နှစ်ဦးသည် ရန်ကုန်မြို့မှ ဟားခါးမြို့သို့ ရောက်ရှိလာပြီး အသွားအလာ ကန့်သတ်မှုခံယူရာမှ ရောဂါပိုးတွေ့ရှိသူများဖြစ်ကြောင်း၊ ကျန်တစ်ဦးမှာ ဂန့်ဂေါမြို့မှ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ဂန့်ဂေါလမ်း မြို့အဝင် စစ်ဆေးရေးဂိတ်တွင် RDT Test Kit ဖြင့် စစ်ဆေးရာမှ ရောဂါပိုး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

 

ဆေးရုံဆင်းခွင့်ရရှိသူ သုံးဦးသည် နေအိမ်တွင် Home Quarantine ခုနစ်ရက် အသွားအလာ ကန့်သတ် နေထိုင်ရမည်ဖြစ်သည်။ ဟားခါးမြို့တွင် ကိုဗစ် - ၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ရှစ်ဉီး ရှိသည့်အနက် ခုနစ်ဦးမှာ ဆေးရုံဆင်းခွင့် ရရှိပြီး လက်ရှိအတည်ပြုလူနာ တစ်ဦးသာ ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒေါ့လှယ်ဇိန်းက ပြောကြားသည်။

 

#MRTV