ဂျိမ်းစ်ဘွန်းမင်းသမီး အော့ဂါခရီလန်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

၁၇  မတ်

ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ တိုက်ခိုက်ရေး ရုပ်ရှင်ဖြစ်တဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace မှာ ပါဝင်သရုပ်ဆောင်ထားသူ မင်းသမီး အော့ဂါခရီလန်ကိုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း လတ်တလောမှာ ထုတ်ဖော်ပြောကြားလာတာ ဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

ပြင်သစ်-ယူကရိန်းလူမျိုး မင်းသမီး အော့ဂါခရီလန်ကိုဟာ မတ် ၁၆ ရက်မှာ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်ကနေတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။ မင်းသမီးက နေအိမ်မှာ တံခါးပိတ်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ ကိုရိုနာကူးစက်ခံရကြောင်း ထုတ်ဖော်လာတာပါ။ လက်ရှိမှာ မင်းသမီးဟာ နေအိမ်မှာ သီးခြားနေထိုင်ကာ ကုသမှုခံယူနေကြောင်းလည်း သိရပါတယ်။

အော့ဂါခရီလန်ကိုရဲ့ ပြောကြားချက်အရ သူဟာ ဖျားနေတာ သီတင်းပတ်တစ်ပတ်ခန့် ရှိခဲ့ပြီဖြစ်ကြောင်းနဲ့ ဖျားနာခြင်းနဲ့ မောပန်း ခြင်းဟာ သူခံစားနေရတဲ့ အဓိကလက္ခဏာ တွေဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ သူက ပရိသတ်တွေကိုလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြစေလိုကြောင်း ထည့်သွင်းရေးသား ဖော်ပြထားတယ်လို့လည်း သိရပါတယ်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ အော့ဂါခရီ လန်ကိုဟာ မင်းသားတွမ်ဟန့်နဲ့ ဇနီးဖြစ်သူ ရီတာဝေလ်ဆင်တို့ ကိုရိုနာကူးစက်ခံရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ထုတ်ဖော် ပြောကြားခဲ့တဲ့ ဟောလိဝုဒ်ကြယ်ပွင့်တစ်ဦးလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား မင်းသားတစ်ဦးဖြစ်သူ ယိုယွန်ဆွတ်ခ်ဟာ အော့ဂါခရီလန်ကိုနဲ့ တွဲဖက် ကာ ရုပ်ရှင်ရိုက်ကူးဖို့ရာ ရှိနေတာကြောင့် မင်းသမီးအနေနဲ့ ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် မင်းသားရဲ့ ဖျော်ဖြေရေးအေဂျင်စီကလည်း ယိုယွန်ဆွတ်ခ်နဲ့ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ မင်းသားရဲ့ အေဂျင်စီဖြစ်တဲ့ ကင်းကောင်အင်တာတိန်းမန့်ရဲ့ ပြောကြားချက်အရ ယိုယွန်ဆွတ်ခ်နဲ့ အော့ဂါခရီလန်ကိုတို့ ရုပ်ရှင်တစ်ခုမှာအတူ တွဲဖက်ပါဝင်သွားဖို့ရာ ရှိနေပေမယ့် လက်ရှိအချိန်အထိ ရိုက်ကူးရေးလုပ်ငန်းတွေ မစတင်ရ သေးတာကြောင့် သူတို့နှစ်ဦး တွေ့ဆုံခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ယိုယွန်ဆွတ်ခ်နဲ့ အော့ဂါခရီလန်ကိုတို့အတူ ပါဝင်သွားမယ့် ရုပ်ရှင်သစ် Matin Calme ကို ဧပြီလအတွင်း ရိုက်ကူးဖို့ရာ စီစဉ်ထားပေမယ့် လက်ရှိ မှာတော့ အစီအစဉ်နဲ့ပတ်သက်ပြီး မသေချာဘူးလို့လည်း သိရပါတယ်။

အေးပြည့်