ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကြောင့် ဗန်းမော်-မန္တလေး မဟာဗျူဟာလမ်း ရေကျော်

ဗန်းမော် ၁၄ ဇူလိုင်

 

ကချင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဗန်းမော်မြို့နယ် ဗန်းမော်-မန္တလေး မဟာဗျူဟာလမ်းပေါ်၌ ရေကျော်မှုဖြစ်ပေါ်ခဲ့၍ ခရီးသွားပြည်သူများ အဆင်ပြေစေရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကြောင့် ဗန်းမော်-မန္တလေး မဟာဗျူဟာလမ်းရှိ ကောင်းတုံကျေးရွာနှင့် မြလယ်ကျေးရွာ မိုင်တိုင်အမှတ် (၂၆၄.၅ နှင့် ၂၆၅.၅ ကီလိုမီတာ)ကြား၌ အရှည် ၅၀ ပေခန့်၊ အမြင့် ၁ ပေခန့်၊ မိုင်တိုင်အမှတ် (၂၆၀.၅ နှင့် ၂၆၁.၅ ကီလို့မီတာ)ကြားတွင် အရှည် ၂၀ ပေခန့်နှင့် အမြင့် ၆ လက်မခန့် ကားလမ်းပေါ်ရေကျော်နေကြောင်း သိရသည်။

 

အဆိုပါ ရေကျော်နေရာသို့ ခရီးသွားပြည်သူများ အဆင်ပြေစေရန် စင်းခန်းချောင်းကူးတံတား လုံခြုံရေးတာဝန်ကျ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အန္တရာယ်ကင်းလမ်းပြ အမှတ်အသားများ စိုက်ထူပေးခြင်း၊ စောင့်ကြပ်ကြည့်ရှု ကူညီခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)