ဧရာဝတီမြစ်အတွင်း သွားလာလျက်ရှိသော ရေယာဉ်များ အန္တရာယ်ကင်းရှင်းရေး ကြပ်မတ်စစ်ဆေးလျက်ရှိ

မြန်အောင် ၁၄ ဇူလိုင်

 

ဧရာဝတီမြစ်အတွင်း သွားလာလျက်ရှိသော ရေယာဉ်များ အန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်းများကို ယနေ့နံနက်က မြန်အောင်မြို့နယ် ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆောင်ရွက်ခဲ့သည်။

 

ဧရာဝတီမြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် ကုန်တင်သင်္ဘောများ၊ မြင်းကောင်ရေ (၂၀)အောက် ကုန်တင်နှင့် ခရီးသည်တင်သင်္ဘောများ၊ Honda စက်တပ်လှေငယ်များကို ဧရာဝတီတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲနိုင်‌ရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ အသက်ကယ်အင်္ကျီများ ဆောင်ထားရန်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း မြင်းကောင်ရေ (၂၀)အောက် ရေယာဉ်များ မှတ်ပုံတင်ကြေး အပြည့်အဝ ပေးသွင်းခြင်း ဆောင်ရွက်ရေးတို့ကို ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဧရာဝတီမြစ်အတွင်း ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာစေရန် မြန်အောင်မြို့နယ် ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ၊ ရေယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်အောင်မြို့နယ် ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးလွင်ဦးတို့ပါဝင်သော အဖွဲ့ဖြင့် ဧရာဝတီမြစ်အတွင်း ပြေးဆွဲလျက်ရှိသော ရေယာဉ်များကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)