ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးစီမံချက်ကာလအတွင်း ရှပ်တန်းပါလှေ ၃၂ စီး ၊ လူ ၆ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊   ၁၆ ဇန်နဝါရီ 

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တစ်နှစ်စီမံချက်ကို စက်တင်ဘာ ၁ ရက်မှ စတင်ခဲ့ပြီး  နေ့စဉ်ကင်းလှည့်လုပ်ငန်းဆောင်ရွက်ခဲ့ရာ စီမံချက် စတုတ္တမြောက်လဖြစ်သည့် ဒီဇင်ဘာလတွင် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးစက်နှင့် ရှပ်တန်းပါလှေ ၁၁ စီး ၊ ဘက်ထရီအိုး ၊ ရှော့ပုံး ၊ ရှော့ဂေါ့တံ စသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ  လူ ၂ ဦးကို  ဖမ်းဆီးရမိကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးစီမံချက်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှ စတင်ပြီး မန္တလေးမှ ကျောက်မြောင်းအကြား လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း နေ့စဉ်နေ့ည ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ၄ လတာကာလအတွင်း ဘက်ထရီရှော့တိုက် ငါးဖမ်းလှေ ၃၂ စီး ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ လူ ၆ ဦးကို ဖမ်းဆီးရမိခဲ့သည် ဖမ်းဆီးရမိသူ ၆ ဦးကို မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေဖြင့်တရားစွဲဆို အရေးယူထားကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးကျော်လှသိန်း၏ ပြောပြချက်အရ သိရသည်။

 ၂၀၂၀ ပြည့်နှစ်တွင် ဧရာဝတီလင်းပိုင်သေဆုံးမူပမာဏ များပြားခဲ့ပြီး သေဆုံးမှုတွင် သဘာဝအရ သေဆုံးမှုများရှိသကဲ့သို့ တရားမဝင်ငါးဖမ်းဆီးခြင်းနှင့် ဘက်ထရီရှော့တိုက် ငါးဖမ်းမှုကြောင့် သေဆုံးမူများလည်း ရှိသည်။ ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေး ထိန်းသိမ်း ကာကွယ်ရေးအတွက် တရားမဝင် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးခြင်း လျော့နည်းပပျောက်စေရန် ဧရာဝတီလင်းပိုင်နှင့် ငါးသယံဇာတများ ပိုမိုရှင်သန်ပေါက်ဖွား စေရန်ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တစ်နှစ်စီမံချက်ရေးဆွဲကာ ကင်းလှည့်လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်အကောင်ရေသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ကောက်ယူခဲ့သည့် စာရင်းမျာ အရ ၇၉ ကောင်ရှိပြီး စံချိန်တင်အများဆုံးတွေ့ရှိရသည့် နှစ်ဖြစ်သည်။ သေဆုံးမူမှာ ၈ ကောင် ဖြစ်ပြီး သေဆုံးမှုအများဆုံးနှစ်လည်း ဖြစ်သည်။ ယခုအခါဧရာဝတီ လင်းပိုင်ကောင်ရေ ၇၀ ကျော် ခန့် ရှိကြောင်း သိရသည်။

အောင်သူရ