ဧချင်းထဲက မဟာသီရိဇေယျသူရ မင်းကြီးညို

mdn

သတင်းဆောင်းပါး - သောင်းကေတ

ဧချင်းဆိုသည်မှာ မင်း မိဖုရားတို့၏ သားတော်၊ သမီးတော် တို့အား ဧယင်တော်ဆက်မင်္ဂလာ အခမ်းအနားတွင် ရှေးက ဘေးလောင်းတော်၊ ဘိုးလောင်းတို့မှစ၍ ခမည်းတော်တိုင်အောင် ဘုန်းတန်ခိုးအာဏာကြီးမားပုံ၊ စစ်ပွဲများအောင်နိုင်ပုံ၊ မြို့ရွာတည်ထောင်ပုံတို့ကို ပညာရှိတို့က ရေးဖွဲ့သီကျူး တင်ဆက်ရသော ကဗျာများ ဖြစ်သည်။ တောင်ငူခေတ်တွင် ရတု စာပေ၊ ဧချင်းစာပေ၊ အန်ချင်းတို့ ထွန်းကားသည်။ စစ်မက် ထူပြောသော ကာလဖြစ်၍ စစ်ချီရတု၊ ဘုရားတိုင်၊ ကျေးစေရတုများ ထွန်းကားခဲ့သည်။

 “တပင်ရွှေထီး ဧချင်း” သုံးပုဒ်ကို စာဆိုတော် လှော်ကား သုံးထောင်မှူးက ရေးဖွဲ့ခဲ့ပြီး ထိုဧချင်းများတွင် တပင်ရွှေထီး၏ ဖခင်မင်းကြီးညို၏ လက်ရုံးရည်၊ နှလုံးရည်ကို မြင်ရသည်။ မြန်မာ့သမိုင်းတွင် တောင်ငူမင်းဆက်သည် ဒုတိယမြန်မာ နိုင်ငံတော် ကြီးကို တည်ထောင်ခဲ့သည်။ ထိုမင်းဆက်ကို စတင်တည်ထောင်ခဲ့သော မင်းကြီးညိုကိုမူ လူသိမများခဲ့ပေ။ တောင်ငူသည် ရာဇဝင်တွင်ထင်ရှားသော မင်းနေပြည်တော်တစ်ခု ဖြစ်ခဲ့သည်။ တောင်ငူဟုဆိုလျှင် တပင်ရွှေထီး၊ ဘုရင့်နောင်နှင့် နတ်ရှင်နောင်တို့ကို လူသိများသည်။

ပထမဆုံး တောင်ငူမြို့ 

ပထမဆုံး တောင်ငူမြို့ကို အေဒီ ၁၂၇၈ တွင် သဝန်ကြီး သဝန်ငယ် ညီနောင်တို့က တည်ခဲ့ခြင်းဖြစ်သည်။ ပုဂံမင်း နရပတိစည်သူ၏မြေးတော်သော သဝန်လကျာ်သည် ဆွာချောင်း အနီးတွင် ကြခတ်ဝရာ(ဝေဠုဝတီ) မြို့ကိုတည်ထောင်၍နေစဉ် မွန်ဘုရင်က တိုက်ခိုက်ခေါ်ဆောင်သွားသည်။ ပေါင်းလောင်း မြစ် ပျူရွာတွင် အကျယ်ချုပ်ထားသည်။ သူကွယ်လွန်ခါနီးတွင် သားတော်နှစ်ပါးအား မှာခဲ့သည်။ ပေါင်းလောင်းမြစ်ကို ဆန်တက်သွားပါက လက်ဝဲဘက်တွင် ချောင်းတစ်ခုရှိသည်။ ထိုချောင်းကို ဆန်တက်ပါက မြို့ဟောင်းအရာ တောင်ငူငယ်ကို တွေ့လိမ့်မည်။ ထိုနေရာတွင် မြို့ ရွာတည်ကြဟု မှာကြားခဲ့သည်။ 

သက္ကရာဇ် ၆၄၀ (အေဒီ ၁၂၇၈)တွင် သဝန်ကြီး သဝန်ငယ် ညီနောင်တို့ ပျူရွာမှ ထွက်ပြေးကြရာ လက်ဝဲဘက်ရှိချောင်း (ခပေါင်းချောင်း)ကို ဖခင်မှာခဲ့သော ဆွာချောင်းအမှတ်ဖြင့် မှားယွင်းဝင်ရောက်မိသည်။ ပဲခူးရိုးမနှင့် နီးလာသောအခါမှ တောင်အငူငယ်ကိုတွေ့သဖြင့် မြို့တည်ကာ “တောင်ငူ”ဟု သမုတ်ခဲ့သည်။ ယခု အမြန်လမ်းမကြီး (၁၄၂/၆) မိုင်တွင် တောင်ငူငယ်(သို့မဟုတ်)တောင်ငူတောဟု ဒေသခံများက ခေါ် ကြသည်။ ထိုနေရာသည် ကျဉ်းမြောင်းသဖြင့် မြို့သစ် တည်ရန် နေရာရှာကြရာ ယခု တောင်ငူကြီး(စည်းခုံကြီးဘုရား တည်နေရာ)နေရာကို တွေ့သဖြင့် သက္ကရာဇ် ၆၄၁ ခု(အေဒီ ၁၂၇၉) ကဆုန်လဆန်း ၉ ရက်တွင် မြို့တည်သည်။ တောင်ငူ (ဓညဝတီ)ဟု တွင်၏။ တောင်ငူကြီးဟုလည်း ခေါ်သည်။ တောင်ငူကြီးတွင် သဝန်ကြီးမှစ၍ မင်းကြီးညိုအထိ မင်း ၂၉ ဆက် စိုးစံခဲ့သည်။

တောင်ငူသမိုင်း 

တောင်ငူတည်သောအချိန်တွင် ပုဂံ၌ နရသီဟပတေ့မင်း စိုးစံလျက်ရှိသည်။ တောင်ငူသည် ပင်းယ(အေဒီ ၁၃၁၃)၊ စစ်ကိုင်း(အေဒီ ၁၃၂၂)၊ အင်းဝ (အေဒီ ၁၃၆၅) မြို့များထက် စောသည်။ မြို့တည်စက သီးခြားလွတ်လပ်သောမြို့ ဖြစ်ခဲ့ပြီး သဝန်ငယ်လက်ထက်တွင် ပင်းယက လာရောက်တိုက်ခိုက် သဖြင့် ပင်းယလက်အောက်ခံဖြစ်ခဲ့သည်။ ခုနစ်ဆက်မြောက် သိင်္ဂပါမင်းလက်ထက် သက္ကရာဇ် ၇၂၀(အေဒီ ၁၃၃၈)တွင် ပင်းယလက်အောက်မှ ရုန်းထွက်နိုင်ခဲ့သည်။ ၁၉ ဆက်မြောက် မင်းဖြစ်သော စောလူးသင်္ခယာသည် အင်းဝဘုရင် မိုးညှင်း မင်းတရားကို ခြားနား၍ တောင်ငူတွင် လွတ်လပ်စွာ မင်းပြုခဲ့ သည်။ ဘုန်းလက်ရုံးနှင့်ပြည့်စုံသော မင်းများလက်ထက်တွင် သီးခြားခွဲထွက်လေ့ရှိပြီး အများအားဖြင့် အင်းဝ၏ လက် အောက်ခံ ဖြစ်ခဲ့သည်။ သက္ကရာဇ် ၈၄၇ တွင် မင်းကြီးညို တောင်ငူ၌ နန်းတက်၏။ သဝန်ကြီးမှစ၍ (၂၉)ဆက်မြောက် မြို့သက် ၂၀၆ နှစ်တွင် ဖြစ်သည်။

မင်းကြီးညို 

မင်းကြီးညို၏အကြောင်းကို ရာဇဝင်ကြီးများတွင် ပြည့်စုံစွာ မတွေ့ရပါ။ တောင်ငူခေတ်က စာဆိုတော် လှော်ကား သုံးထောင်မှူး ရေးစပ်သော တပင်ရွှေထီး ဧချင်းများတွင်မူ ပိုမိုပြည့်စုံစွာ တွေ့ရသည်။ မင်းကြီးညို၏ ခမည်းတော်ဘက်က မျိုးရိုးမှာ မြင်စိုင်း ငါးစီးရှင်ကျော်စွာ၏သား သက်တော်ရှည်၊ ၎င်း၏သား သရေဝဎ္ဍနာ၊ ၎င်း၏သား သရေစည်သူ၊ ၎င်း၏ သား သင်္ခယာ၊ ၎င်း၏သား မဟာသင်္ခယာနှင့် တောင်ငူ စည်သူ ကျော်ထင်၏သမီးတော် မင်းလှညက်နှင့် စုံဖက်ရာမှ မင်းကြီး ညို၊ နှမတော် မင်းလှမြတ်၊ ညီမတော် မင်းပန်တို့ကို ဖွားမြင်သည်။ 

မိခင်ဘက်မှမျိုးရိုးမှာ ပုဂံနန်းကျကျော်စွာသားတော် ပင်းယ စကားရကျောင်းဒါယကာ ဥဇနာ၊ သားတော် စည်သူမင်းဦး၊ ၎င်း၏သား စည်သူသမ္ဘဝ၊ ၎င်း၏သား ပေါက်မြိုင်စည်သူ၊ ၎င်း၏သား ရမည်းသင်းစည်သူနှင့် တောင်ငူ စည်သူကျော်ထင် တို့ဖြစ်ပြီး တောင်ငူစည်သူကျော်ထင်သည် ပြကောင်းမင်းကြီး၏ သမီး မင်းလှထွဋ်နှင့် စုံဖက်ကာ တောင်ငူမင်းစည်သူ၊ နှမတော် မင်းလှညက်၊ ညီတော် မင်းထွေးတို့ ဖွားမြင်သည်။ မင်းလှညက် မှာ မင်းကြီးညို၏ မယ်တော်ဖြစ်သည်။ 

မင်းကြီးညိုသည် ဦးရီးတော်ဖြစ်သူ တောင်ငူ ၂၈ ဆက် မြောက်ဘုရင် မင်းစည်သူ၏သမီး စိုးမင်းကို တောင်းရာ မရ သဖြင့် ဦးရီးတော်ကို လုပ်ကြံကာ ၈၇၄ ခုနှစ်(အေဒီ ၁၄၈၅) တွင် တောင်ငူထီးနန်းကို သိမ်းယူလိုက်သည်။ အင်းဝ ဒုတိယ မင်းခေါင်ထံသို့ ဆင်ပေါက် ၁၀ စီး လက်ဆောင်ဆက်သပြီး တောင်ငူကိုဆက်ခံကြောင်း လျှောက်တင်သည်။ ဦးရီးတော် သွေးမြေကျရာ တောင်ငူကြီးနန်းတော်ရာတွင် စည်းခုံစေတီကို တည်ပြီး တောင်ငူမြောက်ဘက် တာ ၅၀ဝ အကွာ ပုပ်ပဲချောင်း အနီးသို့ ပြောင်းရွှေ့သည်။ မြဝတီဟုသမုတ်၍ ခေတ္တနန်းစံခဲ့သည်။

ဧချင်းများထဲမှ မင်းကြီးညိုအကြောင်း 

မင်းတရားရွှေထီး နားတော်သွင်းဧချင်းတွင် မင်းကြီးညို အကြောင်းကို ဤကဲ့သို့ ဖွဲ့ဆိုသည်။ ]]လက်ရုံးအားဖြင့် ဖွံ့ထွားရွယ်ပျို မင်းကြီးညိုဟု လူဗိုလ် ထပ်ဆင့် မေတ္တာဖြင့်လျက် ကျော်လင့်သော့တိုင်း သက်နှိုင်း ချစ်ခြင်း မြတ်စိုးမင်းနှင့် မကင်းဇနီး ပျော်ဘွယ်ပြီးမူ ကောင်းကြီးတည်ရာ ရတနာမှန်ကူ ပြည်တောင်ငူ၌ ရန်သူတောင် မြောက် အထောက်ထောက်တိ ပျားနှယ်အိလည်း ဆံရှိမရွံ ဘုန်းတော်နွံ၍ နိုင်ငံပိုက်ချုပ် တန်ခိုးအုပ်ရှင့် ကြံလုပ်ကောင်း ထွေ နန်းတော်မြေကို သရေဓာတ်ပုံ စည်းခုံပြောင်ပြောင် တည်ပြီးနောင်မှ ကျော်ခေါင်ရှင့်ဘ ပြည်ထောင်စသည် ဌာန ပုပ်ပဲချောင်းတည့် ပွင့်လောင်းနတ်ရှင့်သွေး။ ။ စက်ခြေချီ သည် ယာယီရှေးဦး ပြောင်းတည့် အကြောင်းမှတ်ဘိသေး။” 
(မင်းတရားရွှေထီးဧချင်း အပိုဒ်-၈)

မင်းကြီးညိုသည် အင်းဝဘုရင် ဒုတိယမင်းခေါင်၏ အမိန့် အရ ရမည်းသင်းမြို့စား မင်းရဲကျော်စွာပိုင်သော ရေလွှဲ ငါးခရိုင်ကို ပထမဆုံး တိုက်ခိုက်သည်။ ယခု နေပြည်တော် အနီးတဝိုက်ရှိ တောင်ညို၊ ပက်ပိုင်၊ ငနွယ်ကုန်း (လယ်ဝေး)၊ ပျဉ်းမနား ဒေသများဖြစ်သည်။ “လက်ရုံးအားဖြင့် ရပ်ခြား တောင်ငူ လက်နက်မူက ရန်သူကြေညာ ရှိရာရာကို ဆွေရှာ ရိပ်မဲ့ ရှင့်ဘခွဲသော် ရေလွှဲသင်းခိုင် ငါးခရိုင်နှင့် မည်လှိုင် ခွန်အား ပဲခူးသားလည်း ကြေထွားပျက်ချွံ လက်ရုံးနွံနှင့် မင်းဝံ အနောက် ပြည်တလျှောက်ဝယ်”။ (မင်းတရား ရွှေထီးဧချင်း အပိုဒ်-၁၉) 

“လျှံပြောင်မြုတေ ကျက်သရေတိ ပရမေထွန်းညီး လက်ရုံး တီးဖြင့် ပြည်ကြီးတောင်ငူ နိုင်ငံဟူက ရန်သူရိုညွတ် သ္ဌာန် လွှတ်လျက် မပြတ်တင်မေး ဘိသိက်ပေးရှင့် ပြိုင်ရေးအတူ ပြိုင်ထောက်ပြူသော် ပြောထူခွန်အား မြစ်မနားကို ရှေးဖျား ဦးဆုံး အောင်မျို့ ကြုံးသော် ပတ်ကုံးရန်မာန် ထပ်မလှန်တည့် မြောက်ခွန်ရပ်သား မြို့ ရွာစားလည်း မယားလက်ငင် ပုံယင် မျိုးဆွေ အုတ်ထွေသားမြေး ဝင်လာပြေးရှင့်”။ (မင်းတရား ရွှေထီး နားတော်သွင်းဧချင်း အပိုဒ်-၉) 

အေဒီ ၁၄၉၁ တွင် ပေါင်းလောင်းမြစ်နှင့် ခပေါင်းချောင်း ဆုံရာအရပ်တွင် ဒွါရာဝတီမြို့သစ်တည်ကာ ပြောင်းရွှေ့သည်။ “မဟာသီရိ တွင်ဘိဇေယျ စောသူရဟု ရှင့်ဘဘေးတော် ကြီးမြတ်ကျော်လျှင် မြင်မြော်ရေးရာ သာသနာကြီးပွား စီးပွား ဗိုလ်လူ ခိုအံ့ဟူ၍ တောင်ငူမည်ခံ တောင်မင်းဝံမှ ခွာလန် နန်းဟောင်း မြစ်ပေါင်းလောင်းနှင့် ခပေါင်းသီတာ ယှက်ကာ ရစ်ဆုံ ကျွန်းသိုက်ရုံသို့ ရွှေဘုံနန်းရာ ပြောင်းတည်လာသည်၊ တောင်ညာတည့် ထောင့်ခပ်ကွေး”။(သခင်ကြီး ဧချင်း) 

“သစ်ရင်းဌာန ရပ်ဒေသတွင် ဒီပစည်ပင် ဖြစ်အံ့မြင်၍ ကရင်ဓနု ရွာစုတိုင်းကား ပေါင်းလောင်းနားထက် ရန်တား ပတ်ကုံး ရွှေလက်ရုံးနှင့် ရန်လုံးနွံ့အောင် ရှင့်ဘထောင်သော် မြောက်တောင်ကြေညာ မှီခိုရာဖြင့် ဒွါရာဝတီ ခေါ်ညီရွှေပြည် တွင်မည်ရှစ်ရပ် တံဆိပ်ကပ်ရှင့်”။ (မင်းတရားရွှေထီး နားတော် သွင်းဧချင်း) 

မင်းကြီးညိုသည် ရေလွှဲငါးခရိုင်ဒေသ၊ စပါးတောင်း၊ အိုင်ပု၊ ငါးစိမ်းအင်း ဒေသတို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် မွန် ဘုရင်ပိုင်နက်ဖြစ်သော ကပ်ကြေး၊ ကြောင်ပြာ(ကျောက်ဖျာ)၊ ကျောက်မော်ဒေသများကို သိမ်းယူရာ မွန်ဘုရင် ဗညားရန်က အမျက်ဒေါသထွက်ကာ ဒွါရာဝတီမြို့ကို အင်အားကြီးမားစွာဖြင့် ဝန်းရံလာသည်။ ထိုရန်သူတို့အား မင်းကြီးညိုက အောင်မြင်စွာ တွန်းလှန်အောင်ပွဲ ခံနိုင်ခဲ့ပုံကို ဤသို့ ရေးဖွဲ့ ခဲ့သည်။ 

“တောင်စွန်လကျာ် ကြေဥဿာက ရတနာယဉ်ညင် ဆင်ဖြူရှင်တုံ ခေါ်တွင်မည်သာ မြို့ ဒွါရာကို ဘယ်ညာမလွတ် မိုးမြေညွှတ်မျှ ပတ်ပတ်ထိန့်ဆူ ရံလေဟူသော် ဇမ္ဗူချောက် အောင် တထောင်ဝှေ့ဆင် မြင်းလျင်သုံးတပ် မျည်းချပ်တန်ဆာ လွှားကာလေးလှံ ဗိုလ်သံမီးပေါက် ပစ်ချောက်ခြိမ်းမောင်း သိန်းခြောက်သောင်းနှင့် စစ်ပေါင်းအပြီး စစ်သူကြီးချည်း ဖျင်မည်းအမတ် လေးကျိပ်မြတ်လည်း တည်လတ်ရှေ့ဖျား သံကြုံးဝါးလျက် လှေသားမြစ်ခွင် ပုံယင်ကြည်းရေ ဖြည်းမျှ ထွေသည်”။ (မင်းတရားရွှေထီး နားတော်သွင်းဧချင်း) 

အင်အားကြီးမားသောရန်သူတို့ကို မင်းကြီးညိုက တွန်းလှန်အောင်ပွဲခံနိုင်သဖြင့် အင်းဝဘုရင် ဒုတိယ မင်းခေါင်က ထီးဖြူ မင်းမြောက်တန်ဆာငါးပါး ပေးအပ်ကာ မဟာသီရိဇေယျသူရ ဘွဲ့ဖြင့် သီးခြား မင်းပြုစေ သည်။ ဒုတိယမင်းခေါင် နတ်ရွာစံပြီး နန်းတက်သော သားတော်ရွှေနန်းကြော့ရှင် နရပတိမင်းသည် အင်အားကြီး ထွားလာသော မင်းကြီးညိုကို သူ၏နှမတော် မင်းလှထွတ်နှင့် လက်ဆက်စေပြီး ရေလွှဲငါးခရိုင်ကို လက်ဖွဲ့ ခဲ့သည်။ 

သက္ကရာဇ် ၈၆၃ ခုတွင် ရွှေနန်းကြော့ရှင် နရပတိအား တူတော် ရွှေနော်ရထာ၏ကျွန် သောကြာက လုပ်ကြံရာ မအောင် မြင်သဖြင့် ရွှေနော်ရထာ ကွပ်မျက်ခံရသည်။ ရွှေနော်ရထာ၏ ခမည်းတော်၏ ကျွန်များဖြစ်သော ရှင်ထွေးနာသိန်၊ မင်းတရား ကျွန်သီးမှူး ရဲမြတ်လှတို့ အင်းဝမှထွက်ပြေး၍ မင်းကြီးညိုထံ ခိုဝင်ကြသည်။ မင်းကြီးညိုသည် ရှင်ထွေးနာသိန်ကို နှမတော် မင်းမြတ်လှနှင့် စုံဖက်ကာ အခြားသူများကိုလည်း ချီးမြှင့် မြှောက်စားသည်။ သက္ကရာဇ် ၈၆၄ ခုနှစ်တွင် အင်းဝကို ခြားနားခဲ့သည်။ သက္ကရာဇ် ၈၆၅ ခုနှစ်တွင် ညောင်ရမ်းမြို့စား မင်းရဲကျော်ထင် ကွယ်လွန်လျှင် သားတော် ဘယကျော်ထင် နှင့် မိတ္ထီလာ၊ သာဂရမြို့ များ မင်းကြီးညိုထံ ဝင်လာကြသည်။ သက္ကရာဇ် ၈၆၆ ခုနှစ်တွင် ပြည်ဘုရင် သတိုးမင်းစောနှင့် စွယ်ကြိုဘုရားတွင် သစ္စာပြုကြသည်။ စဉ့်ကူးတွင် ဖောင်တော် ပေါ်၌ မင်းနှစ်ပါးအတူ မနောလင်ပန်းနှင့် စားတော်ခေါ်ကြသည်။ ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ တုရွင်းတိုင် မြို့များကို တိုက်ခိုက်၍ လူသူသုံ့ပန်း သိမ်းယူသည်။ သို့ရာတွင် အရပ်အနေမသင့်သဖြင့် စလေပုန်းတောင်တွင် အရေးနိမ့်ကာ ပြန်လည်ဆုတ်ခွာရသည်။ 

ဒွါရာဝတီမြို့တော်သည် နှစ် ၂၀ ခန့်ကြာသောအခါ လူသူ ဆင်မြင်း များပြားလာသဖြင့် ကျပ်တည်းလာသည်။ သက္ကရာဇ် ၈၇၁ တွင် မြို့သစ်တည်ရန် အုတ်ဖုတ်ကြရသည်။ သက္ကရာဇ် ၈၇၂ ခုနှစ် တန်ဆောင်မုန်း လပြည့်(အင်္ဂါနေ့)တွင် အရှေ့ အနောက် တာ ၇၀ဝ၊ တောင်မြောက် တာ ၅၀ဝ ကျယ်သော ကေတုမတီ(တောင်ငူ)မြို့ကို တည်ခဲ့သည်။ သဘာဝရေကန် ကြီးဖြစ်သော ကြာအင်းကို မြို့အတွင်းထည့်ကာ တည်သည်။ ရေကျုံး၊ ညွန်ကျုံး ကျုံးနှစ်ထပ်ရံကာ မြို့တော်တစ်မျက်နှာလျှင် တံခါးငါးပေါက် စုစုပေါင်း တံခါး ၂၀၊ ကျုံးအပြင်ဘက်တွင် သိမ် ၂၀ စီ ဆောက်လုပ်ခဲ့သည်။ ယခုနှစ်တွင် မြို့သက် ၅၀၈ နှစ် ပြည့်ခဲ့ပါပြီ။ ။