ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အဆိုးရွားဆုံးခံစားခဲ့ရတဲ့ လူ့လောကပဋိပက္ခအကျပ်အတည်း ကိုဗစ်-၁၉

၂ ဧပြီ

 

မကြုံစဖူး အသွားအလာကန့်သတ်မှုတွေ ပြုလုပ်ခဲ့တာတောင် ဧပြီ ၁ ရက်မှာ ကိုဗစ် - ၁၉ ကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးမှုတွေဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဒီအခြေအနေကို ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ် ကတော့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း လူသားတွေအဆိုးရွားဆုံး ခံစားရတဲ့ လူ့လောက ပဋိပက္ခအကျပ်အတည်းတစ်ခု အဖြစ် စိတ်မကောင်းဖွယ်ရာ တင်စားခဲ့ပါတယ်။

 

ထိန်းချုပ်ဖို့ ကြိုးစား

 

အမေရိကန်ပြည်ထောင်စုမှာလည်း ၂၄ နာရီအတွင်း ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သေဆုံးမှုဟာ မကြုံစဖူး မှတ်တမ်းတင်ရလောက်တဲ့အထိ မြင့်တက်လာပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်သူတွေကို အလွန်တရာမှ နာကျင်ခံစားရသော ရက်သတ္တပတ် အနည်းငယ်အတွက် အားတင်းထားဖို့ ပြောကြားလိုက်တာ ဟာဖြင့် ရင်ကိုထိရှစေလှပါတယ်။

 

ဧပြီ ၁ ရက်မှာ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူအရေ အတွက်ဟာ ၄၀၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။ ဒီပမာဏဟာ လွန်ခဲ့တဲ့ စနေနေ့က မှတ်တမ်းတင်ခဲ့တဲ့ ၂၀၁၀ ဆိုတဲ့ ပမာဏရဲ့ နှစ်ဆဖြစ်ပါတယ်လို့ ဂျွန်ဟော့ ကင်းတက္ကသိုလ်ရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

 

အခုဆိုရင် ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၈၄၀၀၀၀ ကျော်ကူးစက်ခံစားနေကြရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ အမျိုးမျိုးသော အသွားအလာ ကန့်သတ်မှုတွေထဲက တစ်ခုခုနဲ့တော့ ရင်ဆိုင်နေကြရ သလိုသက်ဆိုင်ရာ အစိုးရတွေကလည်း ဒီကပ်ရောဂါကို မပြန့်ပွားအောင်ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။

 

သတိပေးပြောကြား

 

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၀၀၀၀ ကျော်ရှိလာ ပြီလို့ ကြားသိရပါတယ်။ အဲဒီထဲက ထက်ဝက်လောက်ဟာ အီတလီနဲ့ စပိန်နိုင်ငံတို့က ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံမှာ နေ့စဉ် ကိုဗစ်-၁၉ ကြောင့် သေဆုံး၊ ကူးစက် ကိန်းဂဏန်းအပြောင်းအလဲတွေ နေ့စဉ်ဖြစ်ပေါ်နေသလို ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေဟာ ဆက်လက်မြင့် တက်လာမယ့် အလားအလာ ရှိနေပါတယ်။

 

ဒါဟာ ရက်သတ္တနှစ်ပတ်ကြာ အလွန်တရာ နာကျင်ခံစားရတဲ့ အခြေအနေဖြစ်ပါတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါ တယ်။ ပြီးတော့လည်း ကိုဗစ်-၁၉ ကို ပလိပ်ရောဂါနဲ့ လည်း ခိုင်းနှိုင်းပြောကြားလိုက်ပါသေးတယ်။

 

မိမိအနေနဲ့ အမေရိကန်ပြည်သူတွေကို ကိုဗစ်-၁၉ နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ ခက်ခဲတဲ့ နေ့ရက်တွေကို အားတင်းဖြတ်ကျော်နိုင်အောင် ပြင်ဆင်ထားကြစေချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားတဲ့ ကိုဗစ်-၁၉ ဟာ မှိုတွေအစီအရီ ပေါက်လာသလိုပဲ အလျင်အမြန်ဖြစ်ပွားနေပါတယ်။ အခုဆိုရင် ကိုဗစ်-၁၉ အတည် ပြုလူနာပေါင်း ၁၈၉၀၀၀ နီးပါးရှိပါတယ်။ ဒါဟာ ငါးရက်အတွင်း နှစ်ဆလောက်မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ မတ် ၃၁ ရက်က ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၈၆၅ ဦး သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ စာရင်း များအရ သိရပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဝင်တွေက အမေရိကန် ပြည်ထောင်စုအနေနဲ့ လာမယ့်လတွေမှာ ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၁၀၀၀၀၀ နဲ့ ၂၄၀၀၀၀ ကြားကူးစက် ပျံ့နှံ့လာနိုင်မှုအတွက် အဆင်သင့်ပြင်ဆင်ထားဖို့ လိုလိမ့်မယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရန်စွယ် ကိုဗစ်-၁၉ ကြောင့် အရေအတွက်အဲဒီလောက်မြင့် တက်လာနိုင်တဲ့အပေါ် မိမိတို့အနေနဲ့ ပြင်ဆင်ထားသင့်တယ်လို့ နိုင်ငံရဲ့ ထိပ်တန်းကူးစက်ရောဂါကျွမ်းကျင်သူ အန်တိုနီဖော်စီက ပြောကြားထားပါတယ်။

 

ကိုဗစ်-၁၉ ကြောင့် အကျပ်အတည်းဖြစ်ပေါ်နေတဲ့ အမေရိကန်ရဲ့ ဆေးဘက်ဆိုင်ရာ စနစ်တွေကိုလည်း အခုဆိုရင် အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့ဆေးဝါးစောင့် ရှောက်ရေးဆေးရုံတွေနဲ့ အားဖြည့်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အခုလိုအခြေအနေမှာ ဆရာဝန်တွေကလည်း သူတို့အနေနဲ့ နာကျင်တဲ့ ရွေးချယ်မှုတွေကိုသာ ရွေးချယ်နေကြရကြောင်း စိတ်မကောင်းစွာ ပြောကြားခဲ့ကြပါတယ်။ လူနာတွေကလည်း တိုးလာ၊ အသက်ရှူ၊ အထောက် အကူပြု ကိရိယာတွေကလည်း အကန့်အသတ်နဲ့ပဲရှိ၊ ဒါဆိုရင်လူနာတွေကို အသက်ရှူ မကူနိုင်တော့ဘူးလေလို့ ဆေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အဲဒီတော့ နောက်ဆုံးမှာ စိတ်မကောင်းစွာနဲ့ လုပ်သင့်တာတွေကိုပဲ လုပ်ပေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။

 

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေ ကသောင်းကနင်းဖြစ်မှုဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်း ရေးအတွက် တကယ့်ကို အန္တရာယ်ရန်စွယ်ပါပဲလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

 

ကိုဗစ်-၁၉ ဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ထို့အတူ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ရိုက်ခတ်မှုဟာလည်း အကျဘက်ကို ဦးတည်လာခဲ့ပါတယ်လို့ ကုလသမဂ္ဂအကြီးအကဲက ဆက်လက် ပြောကြားပါတယ်။

 

အခက်ခဲဆုံးစိန်ခေါ်မှု

 

ကိုဗစ်-၁၉ ဖြစ်လို့ စီးပွားရေးကျဆင်းမှုဟာ မတည်ငြိမ်မှု၊ မငြိမ်းချမ်းမှု၊ ပဋိပက္ခဖြစ်မှုစတဲ့ ပြဿနာတွေကို ဖြစ်စေသလို ဒါဟာ ဒုတိယကမ္ဘာစစ်ကတည်းက အခုအချိန်အထိ အခက်ခဲဆုံး စိန်ခေါ်မှုပြဿနာရပ်ပါပဲလို့ ဂူတာရက်စ်က မီးမောင်းထိုးပြလိုက်ပါတယ်။

 

မတ် ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ဗီဒီယိုဆွေးနွေးပွဲမှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ က ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေဟာ ဝင်ငွေနည်း နိုင်ငံတွေရဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေကို ကူညီဖို့ ဆွေးနွေးခဲ့ကြသလို ဈေးကွက်စနစ်တွေ ပေါ်ပေါက်လာဖို့ အကူအညီတွေပေးဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

 

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဂျီ-၂၀ ခေါင်းဆောင် တွေဟာ စီးပွားရေးကျဆင်းမှု အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ကမ္ဘာ့စီးပွားရေးထဲကို အမေရိကန်ဒေါ်လာ ၅ ထရီလီယံ ထည့်ဝင်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဥရောပသမဂ္ဂကလည်း ကယ်ဆယ်ရေးအစီအစဉ်တွေကို ဆွဲနေပြီဖြစ်ပါတယ်။ ကြွေးမြီတွေကို မျှဝေတာဝန်ယူမယ့် အစီအစဉ်တွေကိုတောင် တချို့ ဥရောပနိုင်ငံတွေဖြစ်တဲ့ ကိုဗစ်-၁၉ ကြောင့် အထိနာနေတဲ့ အီတလီနဲ့ စပိန်နိုင်ငံ တို့က ဦးဆောင်ပြုလုပ်နေကြပါတယ်။ အီတလီနဲ့ စပိန်မှာ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူပေါင်းဟာ ၈၀၀ ကျော်လာပြီဖြစ်ပါတယ်။ ပြင်သစ်မှာလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၉၉ ဦးရှိလာပြီး ဗြိတိန်မှာလည်း ၃၈၁ ဦးသေဆုံးကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

အလုပ်ဆက်လုပ်ကြမယ်

 

ကမ္ဘာတစ်ဝန်း ကုမ္ပဏီတွေလည်း အဝေးမှ အလုပ်လုပ်တဲ့စနစ်၊ တယ်လီဖုန်းနဲ့ အလုပ်လုပ်တဲ့စနစ်၊ အိမ်မှအလုပ်လုပ်တဲ့စနစ်မျိုး ပြုပြင်ပြောင်းလဲလာသလို စာသင်ကျောင်းတွေလည်း အွန်လိုင်းသင်ကြားခြင်း နည်းပညာကို အသုံးပြုကာ ရှေ့သို့ တက်လှမ်းနေကြပြီဖြစ်ပါတယ်။ အဲဒီလိုမျိုးလိုက်ပါလုပ်ဆောင်နိုင်ဖို့ အားနည်းတဲ့ စနစ်ဟာ အခုလို အခြေအနေမျိုးမှာ မသေချာတဲ့ အနာဂတ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အသွားအလာ ကန့်သတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးနစ်နာမှုဟာ တကယ့်ကို တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ အထူးစိုးရိမ် ဖွယ်ဖြစ်နေပါတယ်။

 

တူနီးရှားမှာလည်း ရက်သတ္တပတ်ကြာ အသွားအလာကန့်သတ်မှုပြုလုပ်တဲ့အပေါ် များစွာသော ဆင်းရဲ သားလူထုတွေဟာ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ကြပါတယ်။ ထို့အတူ အိန္ဒိယနိုင်ငံမှာလည်း ၂၁ ရက်ကြာ အသွားအလာကန့်သတ်မှုကို ထပ်မံတိုးမြှင့်ဖို့ မရှိဘူးဆိုပြီး ကြေညာထားတာလည်း ရှိပါတယ်။ ကိုဗစ် - ၁၉ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိစ္စမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သေကြမှာပဲ။ အလုပ်ဆက်လုပ်ကြမယ်လို့လည်း တူးနစ် မြို့က ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။ အာဖရိကရဲ့ အကြီးဆုံးမြို့တော် လာဂါ့စ်မှာလည်း ဧပြီ ၁ ရက်ဟာ အသွားအလာကန့်သတ်မှုတွေ လုပ်ထားတဲ့ ဒုတိယမြောက်ရက်ကို ရောက်ရှိလာတဲ့ရက် ဖြစ်ခဲ့ပါပြီ။ အဲဒီမှာ ကမ္ဘာ့အဆင်းရဲဆုံးလူတွေ နေထိုင်လျက်ရှိပြီး လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့် ဘ၀တွေဒုနဲ့ဒေးရှိခဲ့ပါတယ်။ သူတို့ရဲ့ အခြေအနေတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ့်အနေအထား ဖြစ်နေပါတယ်။ နိုင်ငံသား တွေမှာ ငွေကြေးလည်းမရှိပါဘူး။ အိမ်မှာပဲနေရင်း စားစရာမရှိတဲ့ ဘ၀တွေကို ရောက်နေကြပါတယ်။ ဒီလို အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ကောင်းမွန်တဲ့ နည်းလမ်းတွေကို အဖြေရှာရတော့မှာပဲ ဖြစ်ပါတယ်။ ။

 

ထွန်းသစ်စ

ကိုးကား - အေအက်ဖ်ပီ