ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ (၂၀၂၀)  သုတေသနစကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ၂၈  ဇွန်

 

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ (၂၀၂၀) သုတေသန စကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များ ကော်မတီရုံးခန်း၌ Online Programme သုတေသန စကားဝိုင်းဖြင့် စတင်ကျင်းပသည်။

 

စကားဝိုင်းကို “အရည်အသွေးအခြေပြု သုတေသနမှသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (Quality Research Towards Prosperity of the Nation)” ခေါင်းစဉ်ဖြင့် အမေရိကန် ပြည်ထောင်စု၊ နာဆာ အာကာသသိပ္ပံ အကြီးတန်းသုတေသနပညာရှင် ဒေါက်တာ ပဒေသာတင် ဉီးဆောင်၍ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာနီလာကြူ၊ မန္တလေး နည်းပညာတက္ကသိုလ် အီလက်ထရောနစ် အင်ဂျင်နီယာဌာန ပါမောက္ခ ဒေါက်တာမျိုးမြင့်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် စက်မှုအင်ဂျင်နီယာဌာန၊ တွဲဖက် ပါမောက္ခ ဒေါက်တာစိုးစိုးထွေးနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာန ပါမောက္ခ ဒေါက်တာသိန်းမင်းထိုက်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် တက်ရောက်ကြသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင် ဆွေးနွေးခဲ့ကြသည့် ဆရာ ဆရာမများက ပြန်လည်ဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဉက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် တာဝန်ရှိသူများက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ပညာရှင်များအား ဂုဏ်ပြုလက်ဆောင် များပေးအပ်ကြပြီး ဆုရရှိသူ စာတမ်းရှင်များ၏ အမည်စာရင်းအား ဖတ်ကြားသည်။

 

mdn

 

ထို့နောက် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ ၂၀၂၀ ကျင်းပရေး ဦးစီးကော်မတီနာယက၊  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က Online မှ အမှာစကား ပြောကြားရာတွင် တက္ကသိုလ်များ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့် စနစ်အသုံးပြုပြီး ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံကို ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ ဦးစီးကျင်းပ ဆောင်ရွက်သော ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးနှင့် အဖွဲ့ဝင်များ၊ သုတေသန ညီလာခံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာထင်ဇော်စိုးနှင့် တာဝန်ရှိသူများ အားလုံးတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ အထူးဖိတ်ကြား၍ အွန်လိုင်းဖြင့် ဟောပြောပို့ချပေးကြသော နာဆာမှ ပညာရှင် ဆရာကြီး ဒေါက်တာ ပဒေသာတင်၊ Central European University မှ Provost Dr.Liviu Matei, ပါမောက္ခ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်တို့ကိုလည်း အထူးကျေးဇူးတင် ရှိပါကြောင်း၊ ဘာသာရပ်နယ်ပယ် (၉) ခုမှ သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးသူ (၁၃၄) ဦး၊ ပိုစတာ ဆောင်ရွက်သူ (၁၆) ဦးတို့ကို နေ့ညမအား သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပြီးရရှိလာသော သုတေသနရလဒ်များကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးဖလှယ်ခြင်း၊ သဘာပတိများ၊ စိစစ်အကဲဖြတ်သူများ၊ မေးခွန်းဆွေးနွေးသူများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ သုတေသန ပညာရှင်များ၊ တာဝန်ရှိသူများ အားလုံးတို့ကိုလည်း မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြသဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊    ဘာသာရပ်နယ်ပယ်တစ်ခုလျှင် အကောင်းဆုံး သုတေသနစာတမ်း ပထမဆုနှင့် ဒုတိယဆု ရရှိကြသူများကိုလည်း အထူးဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု လက်တွေ့ အသုံးချနိုင်သော သုတေသနလုပ်ငန်းများကို ဆောင်ရွက်၍ နိုင်ငံတကာအဆင့်မီ အရည်အသွေးရှိသော သုတေသနရလဒ်များ ရရှိလာစေရေး၊ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများကို ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရေး၊ စီးပွားရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများတွင် အကောင်းဆုံး ဆက်လက်၍ ပူးပေါင်းဆောင်ရွက်နိုင်စေရေး ဆုမွန်ကောင်း ပို့သအပ်ပါ ကြောင်းပြောကြားသည်။

 

ယင်းနောက် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ (၂၀၂၀) သုတေသန စကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားအတွက် ဂုဏ်ပြုအမှာစကား ပြောကြားပြီး ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ဝမ်းမြောက်စကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်