ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော် ၇ နိုဝင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် (၂)ထပ် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာ ဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားချက်များအား ဆောင်ရွက်ပြီးဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်တင်ပြသည့် ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပေ (၁၂၀x၃၀) RCC နှစ်ထပ်ဆောင်အသစ် ဆောက်လုပ်ရန် လိုအပ်သည့်ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက် တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သောင်ပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် အထက်တန်းအဆင့် သင်ကျောင်းသား၊ ကျောင်းသူ (၂၂၃)ဦး ရှိပါကြောင်း၊ လက်ရှိကျောင်းအဆင့်သက်တမ်းမှာ (၇)နှစ် ရှိပါကြောင်း၊ အနီးဆုံး လမိုင်းအခြေခံပညာ အထက်တန်းကျောင်းနှင့် (၄)မိုင်ခန့် ကွာဝေးသော်လည်း လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြချက်၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒကို ဖြည့်ဆည်းသောအားဖြင့် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ် ကျောင်းအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် စိစစ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ အခြေခံပညာ သင်ရိုးညွှန်းတမ်းအသစ်တွင် ပါရှိသော ပန်းချီ၊ ဂီတ၊ ကာယ ဘာသာရပ်များကို အလေးအနက်ထား၍ ထိရောက်စွာ သင်ကြားနိုင်ရန် ဆရာ/ ဆရာမများအား မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများသည် ပန်းချီ၊ ဂီတ၊ ကာယပညာရပ်များကို ကလေးများ အရည်အသွေးမြင့်မားရေးအတွက် ဆောင်ရွက်သင်ကြားလျက်ရှိပါကြောင်းနှင့် ဆက်လက်၍ ပန်းချီ၊ ဂီတ၊ ကာယဆိုင်ရာဘွဲ့ရရှိသူများကို ဘတ်ဂျက်ခွင့်ပြုနိုင်သည့် ဦးရေအရ ယှဉ်ပြိုင်ရွေး ချယ်ခန့်ထားရေးနှင့် ခန့်ထားပြီး ဆရာ၊ ဆရာမများကို သင်တန်းဆက်လက်ပေးပြီး စွမ်းရည်မြှင့်တင်ရေးများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း၏ ၂၀၁၉ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရ ကျောက်မျက်ရတနာကြီးကြပ်ရေးဗဟို ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်သော်လည်း လက်ရှိမြေပြင်တွင် ဌာနမှ လုပ်ကွက်တိုင်းတာခြင်း၊ လုပ်ကွက်အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းများ ပြုလုပ်နေသည်မှာ ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်း ဟုတ်/ မဟုတ် သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေရေးဆွဲနေချိန်တွင် မူလရတနာ နယ်မြေများအတွင်း သက်ဆိုင်ရာ ဌာနအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့က ကွင်းဆင်းတိုင်းတာပြီး ပြည်ထောင်စုဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ ကျောက်မျက်ရတနာလုပ်ကွက် အမျိုးအစားအလိုက် လုပ်ကိုင်ခွင့်ပြုမည့် ဧရိယာများကို သတ်မှတ်ခြင်းသည် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် ကိုက်ညီပါကြောင်းနှင့် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၏ တနင်္သာ ရီတိုင်းဒေသကြီးရှိ ဟိန္ဒားသတ္တုတွင်းအား သတ္တုလက်ကျန် ပြန်လည်စိစစ်ရန် အစီအစဉ် ရှိ/မရှိနှင့် သတ္တုရှာဖွေ စမ်းသပ်ထုတ်လုပ်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအား Expression of Interest (EOI) ခေါ်ယူရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိန္ဒားသတ္တုတွင်း၏ သတ္တုဖြစ်ထွန်းမှု လက်ကျန်ကို စိစစ်ဆောင်ရွက်လျက် ရှိနေပါသဖြင့် ဟိန္ဒား သတ္တုတွင်းကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအား Expression of Interest (EOI) အသစ်ထပ်မံခေါ်ယူရန် လတ်တလောတွင် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်က ပုဒ်မ ၂ (ခ)တွင် ပါဝင်သော  ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းဆိုသည့် စကားရပ်တွင် တူးဖော်ထုတ်လုပ်ဆိုသည်ကို ပယ်ဖျက်လိုပါကြောင်း၊ အဆိုပါ ပုဒ်မတွင် ဖြည့်စွက်လိုသည်မှာ ဤစကားရပ်တွင် သတ္တုတူးဖော်ထုတ်လုပ်ခြင်း၊ ဆင့်တက်ပြုပြင်ခြင်း၊ ကြိုချက်ချွတ်စင်ခြင်း၊ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဒီဇိုင်းရေးဆွဲခြင်း၊ ရှေ့ပြေးစက်ရုံဖြင့် စမ်းသပ်ခြင်း၊ လည်ပတ်ထုတ်လုပ်ခြင်းစသည့် သတ္တုတူးဖော်ခြင်းဆိုင်ရာ လုပ်ငန်းများပါဝင်ခြင်း မရှိစေရ  ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦးက အခန်း(၁) အပိုဒ်(၁)တွင် ဤဥပဒေကို မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဟု ခေါ်တွင်စေရမည် ဆိုသည့်အစား ဤဥပဒေကို မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်များကောင်စီဟု ခေါ်တွင်စေရမည်ဟု အစားထိုးပြင်ဆင်သတ်မှတ်လိုပါကြောင်း၊ ကျိုးကြောင်းဖော်ပြချက်အနေဖြင့် စစ်မှန်သည့် ဘူမိသိပ္ပံပညာရှင်များ လုံလောက်စွာ မရှိသေးသည့် လက်ရှိနိုင်ငံ့အနေအထားအရ ဘူမိဗေဒပညာရှင်အများစုဖြင့်သာ ဖွဲ့စည်းသွားမည့် ယခုကောင်စီကို ဘူမိဗေဒ ပညာရှင်များကောင်စီ ဟုသာခေါ်ဆိုသတ်မှတ်သင့်ပါကြောင်း၊ ထို့ပြင် အခန်း(၁) အပိုဒ် (၂) အပိုဒ်ခွဲငယ်(ဂ)တွင် ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနကို ဆိုသည်ဟု အစား ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဟု အစားထိုးပြင်ဆင်သတ်မှတ်လိုပါကြောင်း ဆွေးနွေးသည်။

 

ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) ဦးစခင်ဇော်လင်းက မြန်မာနိုင်ငံတွင် တစ်စတစ်စ ပြုန်းတီးလျက်ရှိသော ကြိုးဝိုင်း၊ ကြိုးပြင်တောများ အပါအဝင် သစ်ပင်သစ်တောများ ပြန်လည်ရှင်သန် စိုပြေလာစေရေးနှင့် သစ်ပင်သစ်တောများကို အခြေခံပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် World Bank, ADB, WWF စသည့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးနှင့် နည်းပညာ ကူညီထောက်ပံ့မှုများဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity) လုပ်ငန်းစဉ်များ (Functions) နှင့် ကျင့်ဝတ်သိက္ခာ (Ethics) များ ပိုမိုအဆင့်အတန်း မြင့်မားလာစေရန် အထူးသင်တန်းများပေးပြီး အားပေးစည်းရုံးပညာပေးသင်ကြားရန်နှင့် ၎င်းသစ်တောဝန်ထမ်းများ လိုအပ်လျက်ရှိသော ခေတ်မီလက်နက်ကိရိယာ Facilities and equipments များကို စနစ်တကျတပ်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာတွင် သစ်ပင်သစ်တောသည် နောင်လာနောင်သားများအတွက် အဖိုးတန် အကျိုးပြုအရင်းအမြစ် ဖြစ်သည့်အတွက် ရေရှည်ရှင်သန်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ ယခုအချိန်အခါမှစ၍ ပြန်လည်ထိန်းသိမ်းရန်နှင့် စနစ်တကျထုတ်ယူသုံးစွဲရန် အရေးတကြီးလိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ယနေ့ မျက်မှောက်ခေတ်တွင် သစ်တောပြုန်းတီးခြင်း၏ ဆိုးကျိုးများအဖြစ် ရေကြီးရေလျှံမှုများ၊ ငလျင်လှုပ်မှုများ၊ ရာသီဥတု ပြောင်းလဲဆိုးဝါးလာမှုများ၊ မိုးခေါင်ရေရှားမှုများ၊  သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပျက်စီးမှုများ၊ လူသားများ စားဝတ်နေရေးနိမ့်ကျမှုများ စသည့် နောက်ဆက်တွဲဆိုး ကျိုးများခံစားနေရဆဲ ဖြစ်ပါကြောင်း။

 

ထို့ပြင် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင်လည်း အပူချိန်အလွန်အမင်း တိုးမြင့်လာခြင်းကို မိမိတို့ခံစားနေရခြင်းသည်လည်း သစ်ပင်သစ်တောများ လုံလုံလောက်လောက် မရှိခြင်းကြောင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သစ်ပင်သစ်တော ပြုန်းတီးခြင်းကို ကာကွယ်ထိန်းသိမ်းရန်အတွက်  သစ်တောဝန်ထမ်းများအား အားပေးကူညီ ပြုစုပျိုးထောင်ရေးသည် အရေးတကြီးလိုအပ်နေသည့် ကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် အဆိုကို တင်သွင်းရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးခင်မောင်ဝင်းက သစ်တောသစ်ပင်များ ပြန်လည်ရှင်သန်လာစေရန်၊ သစ်တောသယံဇာတများကို ရေရှည်ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သစ်တောဝန်ထမ်းများ၏ အရည်အသွေးမြင့်မားလာစေရန်တို့အတွက် ရည်ရွယ်တိုက်တွန်းထားသော အဆိုဖြစ်သည့်အတွက်  ထောက်ခံပါကြောင်း ပြောကြားသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုကို လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ ဆန္ဒရယူရာ သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို နိုဝင်ဘာ ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ ဂျိုင်းလော