Covid-19 ကာလအတွင်း ရုပ်ရှင်ဗီဒီယိုလောကသားများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေများ တတိယအကြိမ် လှူဒါန်း

ရန်ကုန် ၂၄ ဇွန်

 

ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ စားဝတ်နေရေးနှင့် ငွေကြေးအကြပ်အတည်း ဖြစ်ပေါ်နေသည့် ရုပ်ရှင်ဗီဒီယိုလောကသားများအား ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်များ တတိယကြိမ်မြောက် လှူဒါန်းမှုကို ဇွန် ၂၂ ရက်မှ ယနေ့အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး(ဗဟို)၌ လှူဒါန်းပေးလျက်ရှိသည်။

 

“ကျွန်တော်တို့ ကိုဗစ်ဖြစ်နေတဲ့ ကာလမှာတော့ စားဝတ်နေရေး ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်နေတဲ့ ရုပ်ရှင်လောကသားတွေကို တတိယအကြိမ် ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးတာလည်း ဖြစ်ပါတယ်။ တကယ်တမ်းတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အသင်းဝင် Member ကတ်ရှိသူ ၄၀၀၀ နီးပါးရှိတာပါ။ အကြပ်အတည်းဖြစ်နေတဲ့ လောကသားတွေက ၁၅၀၀ ရှိပါတယ်”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောသည်။ 

 

အဆိုပါ လှူဒါန်းမှုကို ဇွန် ၂၂ ရက်က စက်မှုအခြေခံအလွှာကို လည်းကောင်း၊ ဇွန် ၂၃ ရက်က ဇာတ်ပို့ဇာတ်ရံ အခြေခံအလွှာကို လည်းကောင်း၊ ဇွန် ၂၄ ရက်တွင် ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ အဓိကသရုပ်ဆောင်၊ ဇာတ်လမ်းဇာတ်ညွှန်း၊ ဗီဒီယို၊ တည်းဖြတ်၊ အုပ်ချုပ်ဖြန့်ချိ၊ ပြဇာတ်နှင့် နောက်ခံတေးဂီတ အလွှာအသီးသီးတို့အား လည်းကောင်း အသင်းဝင်တစ်ဦးလျှင် ဆန် ခြောက်ပြည်၊ ဆီ၊ ပဲ၊ ငါးသေတ္တာဘူးကြီး သုံးဘူးနှင့် CB KMA Foundation မှ ငွေကျပ်တစ်သောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ်နှစ်သောင်းကျပ်တို့ ပါဝင်လှူဒါန်းကြ‌ကြောင်း သိရသည်။

 

“အခုလို ထောက်ပံ့လှူဒါန်းပေးတာ ကောင်းပါတယ်။ ရေငတ်တုန်း ရေတွင်းထဲကျသလိုပေါ့၊ အစားအသောက်က အဓိကဖြစ်နေတော့ လိုအပ်တာလေးကို နိုင်သလောက်လာပြီး ဖြည့်ဆည်းပေးတာ နည်းတဲ့ကုသိုလ်မဟုတ်ပါဘူး။ ကျေးဇူးလည်း ကြီးပါ့ပေတယ်ဗျ၊ ကျေးဇူးလည်းတင်ပါတယ်၊ အဖွဲ့သားတွေရဲ့ကိုယ်စား အထူးကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်”ဟု ဟာသရုပ်ဆောင် လူရွှင်တော် ဦးချစ်စရာက ပြောသည်။

 

ရွှေမြိုင်မောင်ဖုန်း