COVID-19 ကာကွယ်ဆေးမထွက်ရှိခင်တွင် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝန်းလူပေါင်း (၂)သန်းခန့် အသက်ဆုံးရှုံးနိုင်ကြောင်း WHO ပြောကြား

၂၆ စက်တင်ဘာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ၏ ခန့်မှန်းပြောကြားချက်အရ COVID-19 ကာကွယ်ဆေးမထွက်ရှိခင်တွင် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝန်းလူပေါင်း (၂)သန်းခန့် အသက်ဆုံးရှုံးနိုင်သည်ဟု သိရသည်။ WHO ၏ ကျန်းမာရေး အရေးပေါ် အစီအစဉ်၏ အကြီးအကဲ Michael Ryan က ဂျနီဗာမြို့တွင် သတင်းထောက်များအား မနေ့က ပြောကြားခဲ့ပြီး လက်ရှိတွင် သေဆုံးသူဦးရေ (၁)သန်းနီးပါးအထိ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကူးစက်မှုအရေအတွက် လျော့ကျရန် စမ်းသပ်ခြင်း၊ ခြေရာခံခြင်း၊ စောင့်ရှောက်ခြင်းနှင့် လူစုလူဝေး တားမြစ်ချက် အပါအဝင် လိုအပ်သည့်ဆောင်ရွက်ချက်အားလုံးကို ဆောင်ရွက်ရန်လိုအပ်ကြောင်း Ryan က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ နည်းပညာအကြီးအကဲ Maria Vab Kerkhove က ဥရောပနိုင်ငံများရှိ ဆေးတက္ကသိုလ်များအနေဖြင့် ကြီးလေးသည့် တာဝန်များကို ထမ်းဆောင်ထားရကြောင်း သတိပေးပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်း ဆေးရုံတက်ရောက်ကုသခံရသူ အရေအတွက်များ မြင့်တက်လာခြင်းသာမက လူနာကုတင်နှင့် အထူးကြပ်မတ်ကုသဆောင်များတွင် လူနာများ ပြည့်နှက်နေမှုနှင့် ပတ်သက်ပြီး WHO အနေနှင့် စိုးရိမ်ပူပန်ကြောင်း Kerkhove မှ ပြောကြားခဲ့ကြောင်း သိရသည်။

#MRTV