စလင်း ၂၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ဆည်ကန်၊ အုန်းတော၊ မြောင်းခြား၊ လေးရွာ၊ သစ်ခွင်ကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းက ရေရရှိရေးဆိုင်ရာ အချက်အလက်များ ကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ကောက်ယူရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရေရရှိရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူရာတွင် အသုံးပြုသည့် Rural Water Supply Management Information System - MIS Software ဖြင့် ကျေးရွာများတွင် လက်ရှိရေရရှိမှု အခြေအနေများ၊ ရေအရင်းအမြစ် စစ်တမ်းများ၊ ကျေးရွာရေရရှိရေးဆိုင်ရာ အချက်အလက်များကို ကောက်ယူခဲ့သည်။
ထိုသို့ကောက်ယူခြင်းသည် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ အဖွဲ့အစည်းများမှ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကောက်ယူခြင်းဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ က ပြောသည်။
စလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၄၁၇ ရွာရှိပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာများတွင် ရေရရှိရေးဆိုင်ရာ အချက်အလက်များ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)