ဆီဆိုင်မြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဆီဆိုင်      ၃၁  အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီခန့်က မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနေမှုအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်လံကြည့်ရှုရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်နိုင်နှင့် အတွင်းရေးမှူး ဒေါ်ဇင်မာဖြိုးတို့က မြို့ပေါ်ရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေများ၊ မဲလက်မှတ်ပျက်စီးမှုရှိ/မရှိ၊ မဲလက်မှတ်၏ နောက်ကျောတွင် တာဝန်ရှိသူ၏ လက်မှတ်ထိုးထားခြင်းရှိ/မရှိ၊ မဲစာအိတ်တွင် ကော်ကပ်ထားခြင်း ရှိ/မရှိ၊ တံဆိပ်တုံးကောင်းမကောင်း၊ ကြိုတင်ဆန္ဒမဲပုံး လုံခြုံမှုရှိ/မရှိ၊ မဲရုံပြင်ပတွင် မဲပေးမည့်သူများအား Social Distancing နှင့်အညီ နေရာများသတ်မှတ်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြကန်သာရပ်ကွက်အတွင်းရှိ အရိယာမဂ္ဂင်မြို့လယ်ဓမ္မာရုံ၌ ဖွင့်လှစ်ထားရှိသည့် Facility Quarantine Centre ဝင်ရောက်နေသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု (၁၃)အုပ်စု၊ ကျေးရွာပေါင်း (၃၂၁)ရွာ၊ မဲရုံ (၉၃)ရုံ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၁၀၅၉၀၂)ဦးခန့်ရှိပြီး အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို အပါအဝင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၁၁၀၀၀)ဦးခန့်ရှိရာ အောက်တိုဘာ ၃၀ ရက်နေ့အထိ ကျား (၉၄၇)ဦး၊ မ(၁၂၄၉)ဦး စုစုပေါင်း (၂၁၉၆)ဦး ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)