ရေတာရှည် ၁၃ အောင်တိုဘာ
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် လက်ရှိ သက်ရင်မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိပြီး ရက်သက်တမ်း ၁၂၀ ကောက်လတ်စပါးခင်းများ အောင်ရေလိုအပ်ချက်များရှိနေရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆွာချောင်းရေလှောင်တမံ၊ DY-2 ရေပေးမြောင်းမှတဆင့် ရေ ပေးဝေနိုင်ရေးအတွက် ရေပေးမြောင်းတစ်လျှောက်ရှိ ကျေးရွာအုပ်စုအလိုက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရေလိုချက်ရှိသည့် လယ်ဧကစာရင်းများ ကောက်ယူခဲ့ပြီး အောက်တိုဘာ ၅ ရက်က ရေစတင်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကနေ့အထိ ဆိုရင်တော့ ဧက ၃၅၀ လောက်ရေဝင်သွားပြီ အချို့ ရင့်မှည့်နေတဲ့တောင်သူကျတော့ ရေမလိုတော့ အခက်အခဲဖြစ်မှာစိုးလို့ ရေပြန်လျှော့ထား ရတာရှိတယ်”ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်း နေအပူချိန်မြင့်တက်လျက်ရှိရာ ဆည်ရေပေးဝေမှုသည် တောင်သူများအတွက် စပါးခင်းများ အောင်မြင်ရန်များစွာ အထောက်အကူပြုလျက်ရှိပြီး စပါးမျိုးနှင့် စိုက်ချိန်ကွာဟချက်များကြောင့် ရေပေးဝေရာတွင် အခက်အခဲရှိနေသည်ကိုလည်း တွေ့ရသည်။
“အောင်ရေလိုအပ်ချက်ရှိတဲ့ တောင်သူတွေအနေနဲ့ ဌာနကို တင်ပြလာတာတွေရှိပါတယ်။ DY-2 ရေပေးမြောင်းတစ်လျှောက် ဧက ၈၅၀ လောက်အောင် ရေရရှိနိုင်ပါတယ်” ဟု ဆည်/ရေ တည်ဆောက်ရေး(၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလင်းက ရှင်းလင်းပြောကြားသည်။
ယခုနှစ် မိုးစပါးရာသီတွင် တောင်သူများအနေဖြင့် ရက် ၉၀ နှင့် ရက် ၁၀၀ သက်တမ်းမျိုးများဖြစ်သော ထိုင်းကောက်၊ ထိုင်းနှံကောက်မျိုးများကိုလည်းကောင်း၊ ရက် ၁၂၀ သက်တမ်း ရှိသည့် ရတနာတိုး၊ ရေဆင်း သုခ- ၂၊ ပခန်း၊ ဗျော့ထွန်း စပါးမျိုးများကို စိုက်ပျိုးကြပြီး လက်ရှိ မိုးရွာသွန်းမှုရပ်တန့်နေချိန် နေ့အပူချိန်မြင့်မားလျက်ရှိရာ သက်လတ်မျိုးများအတွက် အောင်ရေရရှိမှသာ အထွက်နှုန်းကောင်းမွန်းနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အောင်ရေရရှိခြင်းကြောင့် တောင်သူများအတွက် အဆင်ပြေကြပြီဖြစ်ကြောင်း သိရသည်။
ကိုလွင်(ဆွာ)