စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်၌ ကမ်းပြို၍ ပြောင်းရွေ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့

မုံရွာ    ၁၁   ဩဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်၌ ကမ်းပြို၍ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု ၁၇ စုအား ကယ်ဆယ်ရေးပစ္စည်းနှင့်အတူ ငွေသားများကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောကြားသည်။ 


မြို့နယ်ခြောက်မြို့နယ်၌ ကမ်းပြို၍ ပြောင်းရွေ့ရသည့် အိမ် ထောင်စု ၁၇ စု၊ လူဦးရေ ၉၃ ဦးအား ဆန်ရိက္ခာအတွက် ငွေကျပ် ၁၉၅,၃၀၀၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၁,၇၀၀,၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုးအတွက် ငွေကျပ် ၉၀၇,၃၃၀ စုစုပေါင်း ငွေကျပ် ၂,၈၀၂,၆၃၀  ကို သဘာဝဘေးခံစားရသည့် ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း ဆက်လက်ပြောကြားသည်။ 


သဘာဝဘေးခံစားရသည့် မြို့နယ်ခြောက်မြို့နယ်မှာ ကသာမြို့နယ်၊ မြောင်မြို့နယ်၊ မင်းကင်းမြို့နယ်၊ ကလေးဝမြို့နယ်၊ မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်တို့တွင် ဇူလိုင် လ၂၈ ရက်နေ့ထိ ကမ်းပြိုမှု ၁၃ ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် ပြောင်းရွေ့ရသည့် အိမ်ထောင်စုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း ညွန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောကြားသည်။  


မွှေးကြူဇင်