ဗားကရာချောက်နံရံများကိုမျက်နှာသစ်၍ နံ့သာလိမ်းခြယ်ခြင်း

 

ရှေးခေတ်လူကြီးများ ပမာပြုပြောဆိုခဲ့သော ဥပမာစကားများအနက်မှ ‘‘အသစ်တွေ ဘယ်လို ကောင်းကောင်း အဟောင်းတလည်လည်’’ ဆိုသည့် စကားဥပမာတစ်ခုက ပြန်လည်ပြုပြင်ပြီးစီး လုနီးပါးရှိနေသည့် ဗားကရာချောက်နံရံများက စာရေးသူကို ထင်လင်းစွာ အလင်းတန်း ပြလိုက်ခြင်းပင်ဟု ယုံကြည်မိပါသည်။


ဗားကရာချောက် မြေထိန်းနံရံများမှာ ချောက်ကြီး၏ လေးဖက်လေးတန်တွင် ရှိနေသည်။ နှစ်ဖက်မှာ လူနေရပ်ကွက်အခြမ်း၌ ဖြစ်သည်။ အခြားနှစ်ဖက်မှာ မီးရထားကုန်းမြေဘက်အခြမ်းတွင်ရှိသည်။ ဘောဂ ရပ်ကွက်(ယခင်ဘော်ဂါရပ်ကွက်)နှင့် အိုးဘိုရပ်ကွက်ဘက်ရှိ မြေထိန်းနံရံများကို စတင်တည်ဆောက် စဉ်ကတည်းကပင် ရှေးဂဝံကျောက်တို့ဖြင့်စီ၍ အလှဆင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရထားလမ်းဘက် ကုန်းမြင့်အခြမ်းကို အင်္ဂလိပ်တို့အုပ်စိုးစဉ်ခေတ်က ပြုလုပ်သည့် မြေအုတ်တို့ဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။


ကားလမ်းကိုမူ ရထားလမ်းအောက်ချောက်ကို ပြုပြင်၍ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ မြစ်ရေတက် ခြင်းနှင့် ရပ်ကွက်များမှ ရေဆိုးများ ဆင်းခြင်းကို ဘောဂရပ်ကွက်နှင့် အိုးဘိုရပ်ကွက်နှစ်ခုအကြားရှိ ဗားကရာ လမ်းမအောက်မှ ကျယ်၀န်းသောလိုဏ်ခေါင်းဖြင့် မြစ်အတွင်းသို့ ဆင်းသက်စေခြင်းဖြစ်သည်။
စမ်းချောင်းရပ်ကွက်အချို့မှာ ယခင်က ကြည့်မြင်တိုင်နယ်မြေထဲတွင် ပါ၀င်ခဲ့သည်။ ကြည့်မြင်တိုင် တိုက်နယ်ဟု သတ်မှတ်ခေါ်ဆိုခဲ့သည်။ စမ်းချောင်းမြို့နယ်အတွင်း ဟိုးယခင်ကတည်းမှ ယနေ့တိုင် ထင်ထင် ရှားရှားရှိနေဆဲဖြစ်သော ‘‘ကျွန်းတောကျောင်းတိုက်ကြီး’’ မှာ ကြည့်မြင်တိုင် အရှေ့တိုက်နယ် ထဲတွင် ပါ၀င်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ သို့အတွက် ယနေ့စမ်းချောင်းမြို့နယ်ထဲ ရှိနေသော ဘူတာရုံကိုပင် ‘‘ကြည့်မြင်တိုင်ဘူတာရုံ’’ ဟု ရေးထိုးခဲ့ခြင်းဖြစ်သည်။
ကြည့်မြင်တိုင်ဘူတာရုံဟု ဖြစ်ပေါ်လာရခြင်းမှာလည်း မြန်မာနိုင်ငံတွင် ပထမဦးဆုံး မီးရထား လမ်းဖောက်လုပ်သည့် ရန်ကုန်-ပြည် မီးရထားလမ်း တည်ဆောက်ခြင်းမှ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ (ထိုခေတ်က ရထားများကို ကျောက်မီးသွေးထိုး မောင်းနှင်ရခြင်းကြောင့် မီးရထားဟု ခေါ်ဆိုခြင်း ဖြစ်သည်။)


ရန်ကုန် - ပြည် မီးရထားလမ်းဖောက်ခြင်းကို ကြည့်မြင်တိုင်မြို့နယ် သတင်းစာဆရာအသင်းမှ ထုတ်ဝေ သော ‘‘ရွှေတိုင်ကောက်ကြောင်း’’ အတွဲ (၁) အမှတ် (၁) မဂ္ဂဇင်းတွင် ဆရာမောင်မြတ်မွန် (ဆူးလေ) က ‘‘မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မီးရထားလမ်းပိုင်းဖြစ်တဲ့ ရန်ကုန်-ပြည် (၁၆၁) မိုင်ကို ခရစ်နှစ် ၁၈၆၉ ခုနှစ်ကပင် စတင်ဖောက်လုပ် ခဲ့သည်။ The Irrawaddy Valley State Rail-way Co....ကို ကန်ထရိုက် ပေးပြီး ဖောက်လုပ်စေခဲ့တယ်’’ ဟု ရေးသားထားသည်ကို ဖတ်ခဲ့ရဖူးသည်။


မီးရထားလမ်းဖွင့်လှစ်ခြင်းကိုမူ နှစ် ၁၀၀ ပြည့် မီးရထားမဂ္ဂဇင်း (၁၈၇၇-၁၉၇၇) တွင် ‘‘မြန်မာနိုင်ငံ၌ ပထမဆုံးဖောက်လုပ်သည့် ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ် မေ ၁ ရက်တွင် ဖွင့်လှစ်၍ ရန်ကုန်နှင့် ဧရာ၀တီ မြစ်ဝှမ်းအစိုးရမီးရထား The Rangoon and Irrawaddy Vall State Railway အမည်ဖြင့် မီးရထား ပထမဆုံးစတင်ပြေးဆွဲခဲ့သည်ဟု မူရင်းအရေးအသားအတိုင်း ဖတ်ရှုခဲ့ရဖူးသည်။ ပြန်လည်တွက်ကြည့်ပါက မီးရထားလမ်းဖောက်လုပ်ခြင်းနှင့်  မီးရထားစတင်ပြေးဆွဲနိုင်ခြင်းကြား ကာလကြာမြင့်မှုမှာ ရှစ်နှစ်ခန့် ကြာမြင့်ခဲ့သည်ဟု မှတ်ယူရမည်ဖြစ်သကဲ့သို့ ဗားကရာချောက်ကြီး ပြုပြင်တည်ဆောက်ခဲ့ သည်မှာ နှစ်ပေါင်းအားဖြင့် ၁၅၁ နှစ်ခန့် ရှိနေပြီဖြစ်ကြောင်းကို တွက်ယူ၍ ရနိုင်ပေသည်။
 

ဗားကရာချောက် မြေထိန်းနံရံများ စတင်တည်ဆောက်စဉ်က တစ်ဖက်ခြမ်းတွင် ဂဝံကျောက်သား တို့ဖြင့် တည်ဆောက်၍ အခြားတစ်ဖက်ခြမ်းတွင် မြေအုတ်တို့ဖြင့် အုတ်သားအတိုင်း အလှဆင် တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း စစ်အစိုးရလက်ထက်တွင် မြေထိန်းနံရံများအားလုံးအပါအဝင် အင်္ဂတေ (ဘိလပ်မြေနှင့်သဲ)တို့ဖြင့် ဖုံးအုပ်၍ ထိုအပေါ် မှ ဖြူ၊ နီ၊ ဝါ၊ မီးခိုးရောင်တို့ဖြင့် အကွက်ဖော် အလှဆင်ခြယ်မှုန်းခဲ့ခြင်း ဖြစ်သည်။


အပေါ်ယံဆေးသားများဖြစ်သည့်အတွက် လေဒဏ်၊ မိုးဒဏ်၊ ဖုန်သဲတို့ဒဏ်ကြောင့် နှစ်နှစ်ခန့်လျှင်တစ်ခါ ပြန်လည်၍ ဆေးများ ပြန်ပြန်သုတ်နေရသည်။ နံရံလေးဖက်အနက် လူနေရပ်ကွက်နှစ်ခုရှိ နံရံတို့မှာ တစောင်းနိမ့်လျှော အနေအထားကြောင့် သဘာ၀အညစ်အကြေး ဒဏ်ကို ပိုပြီးထိတွေ့ခဲ့ရသည်။ အပျက်အစီးပို၍များခဲ့ရသည်။ မီးရထားလမ်းဘက်ရှိ မြေထိန်းနံရံမှာ အထောင်မတ်မတ်ဖြစ်၍ ပျက်စီးမှုနည်းခဲ့သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက နောက်ဆုံးအကြိမ်သုတ်ခဲ့သော ဆေးတို့ မှာ ယခုအခါ တစ်စတစ်စ ပျက်ပြယ်လာသည် ကို မီးရထားလမ်းဘက်မှ နံရံပေါ်ရှိ ဆေးသား များကိုကြည့်ပါက တွေ့နိုင်ပေသည်။

 

ယခုအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် ရပ်ကွက်ဘက်အခြမ်း မြေထိန်းနံရံများကို ပြန်လည်ပြုပြင်နေပြီဖြစ်သည်။ မြေထိန်း နံရံများ ပြုပြင်ခြင်းလုပ်ငန်းခွင်၌ နေ့နေ့ညည အချိန်ပြည့် ကြီးကြပ်ဆောင်ရွက်ပေးနေသော ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်၀င်းနှင့် တွေ့ဆုံမေးမြန်းမှုများကို ပြုလုပ်ခဲ့သည်။


ဦးခင်၀င်းက ‘‘ဒီ ဗားကရာချောက်ကြီး ပြုပြင်တည်ဆောက်လာခဲ့တာ အခုဆို နှစ်ပေါင်း ၁၅၀ ကျော်လာခဲ့ပါပြီ။ သက်တမ်းကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းမှုဆိုတာကလည်း ရှိလာတာပဲ။ ဒါပေမယ့် ဒီဗားကရာချောက်ကြီးက ကျွန်တော်တို့မြို့နယ်ရဲ့ သမိုင်းအစိတ်အပိုင်းတစ်ခု၊ မြို့နယ်ရဲ့ အထင်ကရမှတ်တိုင်တစ်ခု၊ မြို့နယ်ရဲ့ ဂုဏ်ယူစရာပြယုဂ် တစ်ခုပါ။ အဲဒါကြောင့် ပျက်စီးမခံနိုင်ဘူး။ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်း၀န်းစောင့်ရှောက်ကြရမှာက ကျွန်တော်တို့ရဲ့ တာ၀န်လို့ ခံယူထားတယ်။ အဲဒါကြောင့် ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက်ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်မော်လှိုင်ဦးနဲ့ ကျွန်တော် ၂၀၂၀ နှစ်ဦးပိုင်းမှာ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့တယ်။ အခြေအနေကို တင်ပြခဲ့တယ်။


‘‘နောက် ဒီဗားကရာချောက်ကြီးက ဘယ်လောက်ပဲမိုးတွေရွာရွာ၊ ရေတွေများများ တည်ဆောက်ထား တဲ့စနစ် ကောင်းမွန်တဲ့အတွက် ကားလမ်းပေါ်မှာ ဘယ်တော့မှ ရေတင်ကျန်မနေခဲ့ဘူး။ စည်ပင်ကို ဒုက္ခမပေးတဲ့ ချောက်ကြီးလို့ လွှတ်တော်မှာ မြို့တော်၀န်ကြီးကိုယ်တိုင် အမွှမ်းတင်ပြောခဲ့ဖူးတာလည်း ရှိပါတယ်။ ဒါ့ကြောင့် မြို့တော်စည်ပင်အနေနဲ့ တာ၀န်ယူရတဲ့ ရပ်ကွက်ဘက်အခြမ်း မြေထိန်းနံရံတွေကို အရင်ပြင်ဆင်ခွင့်ရခဲ့တာပါ’’ ဟု ရှင်းပြသည်။


ပြုပြင်ရာ၌ မြေထိန်းနံရံများတွင် ဖုံးအုပ်ထားသော အင်္ဂတေသားများကို အောက်ရှိ ဂဝံ ကျောက်သားများ ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် စိတ်ရှည်လက်ရှည် အချိန်ပေး ခွာယူခဲ့ရခြင်းဖြစ်သည်။
ဦးခင်၀င်းက ‘‘နံရံတစ်ပြင်လုံးကို အင်္ဂတေ အုပ်ထားတာဖြစ်တဲ့အတွက် ပြန်ခွာရတာ အတော် ခက်ခဲပါတယ်။ နောက် အချို့နေရာတွေက အောက်ခံဂဝံသား လုံး၀မရှိတော့ဘူး။ မြေသားတွေပဲ ဖြစ်နေပြီ။ အဲဒီအတွက် လိုအပ်တဲ့ ဂဝံကျောက်တုံးတွေကို သထုံမြို့က မှာယူရတယ်။ အစားထိုး ပြုပြင်မှုတွေ ပြုလုပ်ခဲ့ရတယ်’’ ဟု ပြောသည်။


ဆက်လက်၍ ‘‘ကျွန်တော်တို့က ဒီလို မကြာမကြာ ဆေးခဏခဏပြန်သုတ်နေရတာကို မကြိုက်ဘူး။ ဌာနအနေနဲ့လည်း ဘတ်ဂျက် ငွေပိုကုန်တယ်။ ကြံ့ခိုင်မှုအားကလည်း တဖြည်းဖြည်းနဲ့ နည်းလာပြီ။ အကယ်၍ပေါ့ ရုတ်တရက်များပြိုကျခဲ့ရင် ကုန်းပေါ်က အိမ်တွေလည်း အနည်းနဲ့အများဆိုသလို ထိခိုက်မှုတွေရှိလာနိုင်တယ်။ ကြံ့ခိုင်မှု စစ်ဆေးချင်တယ်။ နောက်ပြီး ရှေးဟောင်းလက်ရာအတိုင်း ပြန်ပြင်ချင်တယ်။ နောင်လာနောက်သားတွေအနေနဲ့ ဒါဟာ တို့မြို့နယ်ရဲ့ ရှေးဟောင်း အမွေအနှစ် တစ်ခုအဖြစ် မြင်စေချင်တယ်။ တန်ဖိုးထားထိန်းသိမ်းစေချင်တယ်။ ဂုဏ်ယူစေချင်တယ်။ အဲဒါကြောင့် အနောက်ပိုင်းခရိုင် လမ်းတံတားဌာနမှူး ဦးကံညွန့်နဲ့ တိုင်ပင်တယ်။ ပထမအဆင့်အနေနဲ့ ဆန်းစစ် မှုတွေပြုလုပ်ခဲ့တယ်။ ရှေးဟောင်းအဆောက်အဦဌာနက ပညာရှင်တွေနဲ့ သုံးကြိမ်တိုင်တိုင် ဆွေးနွေး အဖြေရှာခဲ့ပါတယ်’’ ဟု ရှင်းပြမှုများ ရှိသည်။


ထို့အပြင် ‘‘မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းက အချို့ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်။ အကြံဉာဏ်တွေ တောင်းခံခဲ့တယ်။ နည်းပညာတွေ အကူအညီယူခဲ့တယ်။ စစ်ဆေးမှုတွေ ထပ်ဆင့် ပြုလုပ်ခဲ့တယ်။ အဲဒီ လိုလုပ်ခဲ့တာကလည်း သုံးကြိမ်တိုင်တိုင်ပါပဲ။ အဓိက ရေရှည်ကြံ့ခိုင်မှုရှိအောင် ပြုလုပ်ဖို့ပါ။ ‘အခုဆို ဂဝံကျောက်သားအကွက်တွေ တန်းစီပေါ်လာပြီ။ အဲဒါက နံရံကြီးကို မျက်နှာ သစ်လိုက်တာပါပဲ။ နောက် သဘာ၀ လေဒဏ်၊ မိုးဒဏ်၊ ဖုန်မှုန့်ဒဏ်တွေခံနိုင်ဖို့အတွက် ဒီဂဝံ ကျောက်သားတွေအပေါ်မှာ ရေလုံဆေး(လိုက်ကာ)တွေ ထပ်ဖျန်းပေးဦးမယ်။ အဲဒါက ဗားကရာ နံရံကြီးကို အမွှေးနံ့သာတွေ ထပ်မံလိမ်းခြယ်ပေးလိုက်တာပဲ။ လုပ်ငန်းအနေနဲ့ဆိုရင်တော့ ၉၀ ရာခိုင်နှုန်း ကျော်ကျော်လောက်တော့ ပြီးစီးနေပါပြီ။ အချောသပ်အပိုင်း လောက်ပဲ ကျန်ပါတော့တယ်’’ ဟု ရှင်းပြ သည်။


ထို့အပြင် မြေထိန်းနံရံများ စတင်တည်ဆောက်စဉ်ကရှိခဲ့သော အောက်ခြေရေဆင်း မြောင်းလေးများကို ယခုအခါ နှစ်ပေခန့် ထပ်မံချဲ့လိုက်ပြီး ထိုမြောင်းတစ်လျှောက် အပေါ်မှ ကွန်ကရစ်ကျောက်ပြားများ အမြင့်တင် ခင်းလိုက်သည့်အတွက် လူသွားလမ်းအဖြစ် သီးခြားပေါ်ထွက်လာခဲ့သည်။ ချောက်အတွင်းမှ ဖြတ်သွားဖြတ်လာခရီးသွားများအဖို့ ပို၍အဆင်ပြေလာသည်ဟု စမ်းချောင်းမြို့နယ် သီရိခေမာ ရပ်ကွက်မှ ထီးတန်းစျေးသို့လာသော အမျိုးသမီးတစ်ဦး၏ ပြောကြားမှုကိုလည်း ကြားသိလာရသည်။
ထပ်မံ၍ မြေထိန်းနံရံအပေါ်တွင် အကာအရံအဖြစ် ပြုလုပ်ထားသော ကွန်ကရစ်လက်ရန်းတန်း (ရပ်ကွက်အခေါ် ပိုင်းတန်း)များမှာ အချို့သောနေရာများတွင် ကျိုးပျက်နေသည့်အတွက် ပြန်လည်ပြုပြင် သွားသည့်အပြင် ယခင်က လူတစ်ယောက်စာမျှသာ သွားလာနိုင်သည့် လမ်းကျဉ်းကျဉ်းလေးကို ထပ်မံချဲ့ပြီး ကွန်ကရစ်လမ်းအဖြစ် ပြုပြင်ပြောင်းလဲပေးခဲ့သည်ကို တွေ့လာရသည်။


ဘောဂရပ်ကွက် မြေထိန်းနံရံကုန်းပေါ်တွင်နေထိုင်သူ ဒေါ်ရီရီမြင့်က ‘‘လွှတ်တော် ကိုယ်စားလှယ်ကိုရော၊ စည်ပင်က တာ၀န်ရှိတဲ့လူကြီးတွေ၊ အလုပ်သမား၀န်ထမ်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုဆို ညစ်ထေးနေတဲ့ ဗားကရာနံရံကြီးတွေလည်း သစ်လွင်လှပသွားပြီ၊ မူလသဘာ၀အတိုင်း ပေါ်လွင်သွားပြီ၊ ကျိုးပဲ့နေတဲ့ ပိုင်းတန်းတွေ လည်း အပြည့်ပြန်ကောင်းသွားပြီ၊ ကျွန်မတို့ အများ၀င်ထွက်သွားလာနေရတဲ့ လမ်းလေးကလည်း ကျယ်ပြီး ကောင်းသွားပြီ၊ အားလုံး အဆင်ချောသွားပြီ၊ ကျွန်မက ကုန်းပေါ်မှာ နေတဲ့သူဆိုတော့ အကုန်မြင်နေရတယ်။ နေ့နေ့ညည အချိန်ပြည့်ဆောင်ရွက်နေသူ တွေကိုပေါ့။ အမေ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ ‘‘ပြည်သူနဲ့အတူ’’ ဆိုတဲ့ ကိုယ်စားလှယ်မျိုးကိုပါ။ အဲဒါကြောင့် အားလုံး ကို ကျေးဇူးပါပဲလို့ ထပ်ပြောချင်ပါတယ်’’ ဟု ပြောသည်။


လွှတ်တော်ကိုယ်စားလှယ် ဦးခင်၀င်းက ‘‘ဒါက ကျွန်တော်တို့ဘက်က ပြည်သူကို အကျိုးပြုတဲ့အနေနဲ့ ဆောင်ရွက်ပေးနိုင်တာတွေကို လုပ်ပေးနေတာပါ။ အခုဆို ဒီဗားကရာ ချောက်ကြီး မြေထိန်းနံရံတွေကို မျက်နှာလည်း သစ်ပေးပြီးပြီ၊ အမွှေးနံ့သာတွေလည်း လိမ်းခြယ်ပေးပြီးပြီ၊ လှသွားပြီ၊ အဲဒီတော့ ဒီဗားကရာ ကုန်းကြီး အလှမပျက်ရအောင် ရေရှည်တည် တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရမှာ က ဒီပတ်၀န်းကျင်မှာ နေနေတဲ့သူတွေက အဓိကပဲ။ အားလုံးကလည်း ဝိုင်း၀န်းစောင့်ရှောက်ပေးသွားဖို့ ကိုလည်း မေတ္တာရပ်ခံချင် ပါတယ်’’ ဟု နိဂုံးချုပ်ခဲ့သည်။       ။

 

သျှင်၀င်းသျှင်