အတ္တာဟိ အတ္တနောနာထောနှင့်အညီ

ကိုဗစ်-၁၉ ရောဂါ ကမ္ဘာပေါ်တွင် စတင်ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်တာကာလ ရှိပြီဖြစ်သည်။ ရောဂါဖြစ်ပွားရခြင်းဇာစ်မြစ်ကို တိတိကျကျသေသေချာချာ ထုတ်ဖော်နိုင်ခြင်းမရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမျိုးမျိုး တရားဝင်ပေါ်ထွက်လာပြီး နိုင်ငံအများတွင် ဆေးစတင်ထိုးနှံနေကြပြီ ဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ တစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသူ သန်း ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး ကမ္ဘာ့လူဦးရေ သန်း ၄၀ ကျော်မှာ တစ်လအတွင်း ကာကွယ်ဆေးထိုးနိုင်ခဲ့သည်။

ရောဂါဟူသည်မှာ မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ရောဂါဖြစ်မှကုသရသောအခါ ပိုးတွေ့သူ သန်း ၁၀၀ နီးပါး၌ လက်လျှော့လိုက်ရသည့် အဖိတ်အစဉ် နှစ်သန်းကျော်ရှိခဲ့သည်။
 
ရောဂါကြိုတင်ကာကွယ်ရေး၌ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဟူ၍ နှစ်မျိုးရှိရာ လက်ငင်းအနေဖြင့် “အတ္တာဟိ အတ္တနောနာထော” မိမိကိုယ်ကို ကိုးကွယ်အားထားခြင်း၊ မိမိကိုယ်ကိုသာ ကာကွယ်စောင့်ရှောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ရှုမြင်ပါသည်။ မိမိကိုယ်ကိုမိမိ စောင့်ရှောက်ခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပြီးသော ကမ္ဘာ့လူဦးရေ သန်း ၄၀ ကျော်ကို ကြည့်လျှင် ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးနှစ်နိုင်ငံနှင့် ချမ်းသာကြွယ်ဝသည့်နိုင်ငံ အနည်းငယ်ဖြစ်သည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင် ရှိသမျှ လူဦးရေအားလုံးအတွက် တစ်ပြိုင်တည်း ကာကွယ်ဆေးရရှိနိုင်မည်မှာ မဖြစ်နိုင်သည်ကို နားလည်ပါသည်။ နိုင်ငံလူဦးရေအလိုက်၊ ငွေကြေးတတ်နိုင်မှုအလိုက်၊ ဦးစားပေးထိုးနှံပေးနိုင်မှုအလိုက် အလီလီအကြိမ်ကြိမ် ထိုးနှံပေးရမည်မှန်သော်လည်း ဓနအင်အားချို့တဲ့သော နိုင်ငံများအဖို့ မျက်နှာငယ်ရသည်မှာတော့ အမှန်ဖြစ်မည်။ ကမ္ဘာ့လူသားအချင်းချင်း စာနာစိတ်ဖြင့် နိုင်ငံအားလုံး သင့်တင့်သည့် မျှတမှုဖြစ်နိုင်လျှင် အကောင်းဆုံးဖြစ်မည်။

ကမ္ဘာတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက်ရာတွင် နိုင်ငံစုံဘုံအကျိုးစီးပွားကို ဖော်ဆောင်ခြင်းသည် အရေးကြီးပြီး ယခုဖြစ်ပွားနေသော ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုကလည်း ထိုအချက်ကို သတိပေးလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ရောဂါဖြစ်ပွားမှု ဇာစ်မြစ်ကို စူးစမ်း ရှာဖွေစစ်ဆေးလျက်ရှိကာ ကမ္ဘာ့အဖွဲ့အစည်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမြောက်အမြားဝယ်ယူ၍ ကမ္ဘာ့နိုင်ငံများအားလုံးသို့ မျှတစွာ ခွဲဝေပေးရေးကို ဆောင်ရွက်လျက်ရှိသည်။

ကူးစက်မြန်ကပ်ရောဂါဖြစ်ပွားမှု ကျဆင်းခြင်း/မြင့်မားခြင်းနှင့် ပတ်သက်၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအပိုင်းမှ ကြိုးပမ်းဆောင်ရွက်မှုမှာ တစ်ပိုင်းဖြစ်ပြီး ရောဂါ၏သဘောသဘာဝဇာစ်မြစ်မှာ တစ်ပိုင်း တစ်ကဏ္ဍဖြစ်သည်။ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံများ၏ ရောဂါဖြစ်ပွား မှုအခြေအနေကိုကြည့်လျှင် နိုင်ငံ၏ပတ်ဝန်းကျင် သဘာဝအခြေအနေများနှင့် ထိုနိုင်ငံရှိလူမျိုးတို့ နေထိုင်ပြုမူမှု အလေ့အထများအပေါ်တွင်လည်း မူတည် သလိုရောဂါပိုးဗီဇ၏ဖြစ်ပေါ်ပြောင်းလဲနေမှု အခြေအနေများအပေါ်တွင်လည်း မူတည်ရာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရောဂါတိုးခြင်း/ဆုတ်ခြင်းတို့ ကွာခြား နေသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလာခြင်းမှာ ရောဂါပိုးသဘာဝအပေါ်တွင် မူတည်နေသည်ဟု ခန့်မှန်းထားသည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုး ဗီဇပြောင်းလဲနေသည်ကို ရှာဖွေတွေ့ရှိ နေကြသည်။ ကိုဗစ်-၁၉ ရောဂါ၏ သဘာဝကို တစ်နှစ်တာကာလအတွင်း နိုင်ငံအလိုက်ကြုံတွေ့ခဲ့ရသည့် အခြေအနေများအရ ဆေးပညာအရဖြစ်စေ၊ သဘောသဘာဝအရဖြစ်စေ မည်သို့နေထိုင်ပြုမူလုပ်ကိုင်ရမည်ကို နားလည် သိရှိလာကြသည်။ မိမိတို့ လူမှုစီးပွားဘဝ ပြန်လည်ဦးမော့လာရေးအတွက် အဆင်ပြေနိုင်မည့် နည်းလမ်းများကိုရှာဖွေကြံဆ စမ်းသပ်လုပ်ကိုင်လာကြ သည်။ ချမ်းသာကြွယ်ဝသောနိုင်ငံများက မမျှတသောနည်းလမ်းဖြင့် ကာကွယ်ဆေးရယူနေမှုအပေါ် စိုးရိမ်ပူပန်မှုမဖြစ်ဘဲကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကာကွယ်နေကြသည်။

သို့ဖြစ်ရာ လူသားများတွင် မတူကွဲပြားမှုများရှိမည်ဖြစ်သလို နိုင်ငံများ တွင်လည်း မတူကွဲပြားခြားနားမှုများ ရှိမည်ဖြစ်ရာ ကြုံတွေ့လာမည့် စိန်ခေါ်မှု များကို ကျော်လွှားနိုင်ရေးအတွက် ပြည်သူများ အသိတရားဖြင့် “အတ္တာဟိ ၊ အတ္တနောနာထော” နှင့်အညီ မိမိကိုယ်သာ အားထားခြင်း၊ စောင့်ရှောက်ခြင်း သည်သာ လတ်တလောတွင် အကောင်းဆုံးဖြစ်ပါကြောင်း။ ။