အသည်းရောင်ရောဂါကင်းဝေးဖို့ ရင်းနှီးမြှုပ်နှံဆောင်ရွက်စို့

mdn

သတင်းဆောင်းပါး - ဒေါက်တာဝင်းအောင်(သုတေသီ)၊ မြန်မာအသည်းဖောင်ဒေးရှင်း

 

ကမ္ဘာပေါ်တွင် အသည်းရောင် အသားဝါရောဂါများကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုး ငါးမျိုးမှာ အေ၊ ဘီ၊ စီ၊ ဒီ နှင့် အီးတို့ ဖြစ်ပါသည်။ အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးတို့သည် ကူးစက်ဖြစ်ပွားနှုန်းပြင်းထန်ပြီး တစ်ချိန်တွင် အသည်းရောင်ခြင်း၊ အသည်းပျက်စီးခြင်း၊ အသည်း ခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းနှင့် သေဆုံးခြင်း တို့ ဆက်လက်ဖြစ်ပွားနိုင်ပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ ဘီပိုးနှင့်စီပိုး ကူးစက်ခံထားရသူပေါင်း ၃၂၅ သန်းခန့်ရှိပြီး တစ်နှစ်လျှင် ၁ ဒသမ ၄ သန်းခန့် သေဆုံး လျက်ရှိပါသည်။ ကူးစက်ခြင်းခံရမှုနှုန်းသည် အိတ်ချ်အိုင်ဗွီ ပိုးထက် ကိုးဆခန့်ပိုများပြီး တီဘီရောဂါပြီးလျှင် သေဆုံးမှု နှုန်း ဒုတိယအများဆုံးဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါပိုး ကူးစက်ခံနေရသူဦးရေသည် အဓိကကူးစက်ရောဂါသုံးခု ဖြစ်သည့် တီဘီ၊ ငှက်ဖျားနှင့် အိတ်အိုင်ဗွီပိုးများ ကူးစက်ခံရသူ စုစုပေါင်းဦးရေထက် များပါသည်။ ၂၀၁၇ ခုနှစ် အတွင်း ဘီပိုး၊ စီပိုး ကူးစက်ခံရသူ လူနှာသစ်နှင့် နာတာရှည် အသည်းရောင် ရောဂါဖြစ်ပွားသူ ၁၁ သန်းနှင့် ၇၅ သန်း အသီးသီးရှိကြောင်း သိရှိရပါသည်။ အဆိုပါ ကမ္ဘာ့လူသားများ၏ ကျန်းမာရေးကို ကြီးမားစွာထိခိုက်စေပြီး နိုင်ငံတိုင်း အတွက်လည်း ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးမှ လိုအပ်သောရင်းနှီးမြှုပ်နှံမှု များဖြင့် ထိရောက်စွာဆောင်ရွက်ရန် အထူးလိုအပ်လျက် ရှိပါသည်။

 

 ကမ္ဘာနှင့် အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုများ

 

ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးအတွက် ၂၀ဝ၇ ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သောကမ္ဘာ့အသည်းရောင်ရောဂါမဟာမိတ် အသင်းကြီး  (World Hepatitis Alliance-WHA) သည် ကမ္ဘာတစ်ဝန်းလုံးရှိ လူသားများအားလုံးက အသည်းရောင်ရောဂါများကို သတိပြုအလေးထား လာကြစေရန်နှင့် အသည်းရောင်ရောဂါများကိုကမ္ဘာပေါ်တွင်လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့အသည်း ရောင်ရောဂါနေ့ (World Hepatitis Day-WHD )ကို ၂၀ဝ၈ ခုနှစ်မှစတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ WHA ၏ တိုက်တွန်းနှိုးဆော်ချက်အရ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) သည် ၂၀၁၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ်ဇူလိုင်လ ၂၈ ရက်နေ့တွင် WHD ကို စတင်ကျင်းပပြုလုပ်လာခဲ့ပြီး နှစ်တိုင်း အသည်းရောဂါနှင့်ပတ်သက်၍ ဆောင်ပုဒ် များချမှတ်ကာ ရောဂါကာကွယ်ရေး၊ ရှာဖွေရေးနှင့် ကုသရေးလုပ်ငန်းများကို ကမ္ဘာတစ်ဝန်းဆောင်ရွက်နိုင် ကြစေရန် လှုံ့ဆော်တွန်းအားပေးခဲ့ပါသည်။ WHA သည် ၂၀၁၈ ခုနှစ် WHD မှစတင်၍ သုံးနှစ်ဆက်တိုက် “အသည်းရောင်ရောဂါကင်းဝေးရေး၊ ဝိုင်းဝန်းရှာဖွေ စစ်ဆေးပေး (Find the Missing Millions}" ဆောင်ပုဒ်ကို ချမှတ်ကာ အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဦးဆောင်လမ်းညွှန် ပံ့ပိုး ကူညီလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် WHD အတွက် WHO က ချမှတ်ခဲ့သောဆောင်ပုဒ်မှာ အသည်းရောင်ရောဂါ ကင်းဝေးဖို့၊ ရင်းနှီးမြှပ်နှံဆောင်ရွက်နို့ (Invest in Eliminating Hepatitis) ဖြစ်ပါသည်။

 

၂၀၁၆ ခုနှစ် မေလတွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၄ နိုင်ငံက သဘောတူပူးပေါင်းဆောင်ရွက်မှုဖြင့် အသည်းရောင် အသားဝါရောဂါကင်းစင်ရေး (Global Goal for Viral Hepatitis Elimination) အတွက် "To Eliminate Viral Hepatitis as Public Health Threat by 2030" (အသည်းရောင်ရောဂါများကို ၂ဝ၃ဝ ပြည့်နှစ်တွင် ပြည်သူ လူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်ခံနေရမှုမှ ဖယ်ရှား ပစ်နိုင်ရေး)" ရည်မှန်းချက် ချမှတ်ခဲ့ပါသည်။ အဆိုပါ ရည်မှန်းချက်အတွက် သတ်မှတ်လျာထားချက်များမှာ ပထမဆုံး ရောဂါကူးစက်မှုများ ဖြစ်ပွားမှုနှုန်းကို ၂ဝ၂ဝ ပြည့်နှစ်တွင် ၃၀ နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၉၀င် အထိသို့ လည်းကောင်း၊ ရောဂါကြောင့် နောက်ဆက်တွဲ သေဆုံးမှု များ ဖြစ်ပွားမှုနှုန်းကို၁၀ နှင့် ၂ဝ၃ဝ ပြည့်နှစ်တွင် ၆၅ အထိ သို့ လည်းကောင်း အသီးသီးလျော့ကျစေရန် ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားမှု ကိုလက်ရှိ ရှစ်သန်းမှ သုည ဒသမ ၉ သန်းသို့လည်းကောင်း၊ နှစ်စဉ် အသည်းရောင်အသားဝါရောဂါကြောင့် သေဆုံးမှုကို ၁ ဒသမ ၄ သန်းမှ သုည ဒသမ ၅ သန်းသို့ လည်းကောင်း လျော့ကျအောင်ဆောင်ရွက်ရန် လျာထားပါသည်။ အသည်းရောင် ဘီပိုးကင်းစင်နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံနိုင်ရန်အတွက် ငါးနှစ်အောက်ကလေးငယ်များတွင် ဘီပိုး ကူးစက်မှုနှုန်းသည် တစ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိ ရမည် ဖြစ်ပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါ ရောဂါကင်းစင်ရေးအတွက် WHO က လမ်းညွှန်မှုပြုထားသော အဓိကဆောင်ရွက်ရမည့်လုပ်ငန်း ရပ် ငါးခု၏ လက်ရှိနှင့် လျာထားချက်အညွှန်းကိန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

၁။ ကလေးငယ်များအား ဘီပိုးကာကွယ်ဆေးထိုးနှံခြင်း

 

အသည်းရောင်အသားဝါဘီပိုး ကူးစက်မှုခံရနိုင်ခြေ အများဆုံးမှာ မွေးကင်းစများအပါအဝင် ငယ်ရွယ်သော ကလေးငယ်များ ဖြစ်ပါသည်။ အထက်ပါအရွယ်တွင် ဘီပိုး ကူးစက်မှုလွယ်ကူမြန်ဆန်ပြီး ကူးစက်ခံရပါကလည်း နာတာရှည် ဘီပိုး သယ်ဆောင်သူ ဆက်လက်ဖြစ်သွားနိုင်ခြေနှင့် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ခြေလည်း များပါသည်။ ကမ္ဘာတစ်ဝန်း ကလေးငယ်များတွင် ဘီပိုး ကာကွယ်ဆေး သုံးကြိမ်ပြည့်ထိုးနှံခြင်းတွင် ၂၀ဝ၀ ပြည့်နှစ် တွင် ၂၉၊ ၂၀ဝ၅ ခုနှစ်တွင် ၅၅။ ၂၀၁၀ ပြည့်နှစ်တွင် ၇၅ နှင့် ၂၀၁၅ ခုနှစ်တွင် ၈၄% ရှိပါသည်။ ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂၀၃၀ ပြည့်နှစ်တို့တွင် ၉၀ % အထိ ထိုးနှံမှု လွှမ်းခြုံနိုင်ရန် ရည်မှန်းလျာထားပါသည်။

 

၂။ ဘီပိုးရှိမိခင်မှ ကလေးသို့ကူးစက်ခြင်းကို ကာကွယ်ခြင်း

 

 နာတာရှည်ဘီပိုးရှိ ကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားလာသည့် မွေးကင်းစကလေးငယ်များသည် မိခင်မှကလေးသို့ ဘီပိုး ကူးစက်မှု (Mother to Child Transmission -MTCT) နှုန်း မြင့်မားပါသည်။ မည်သည့်ကြိုတင် ကာကွယ် တားဆီးမှုမျှမရှိပါက ဘီပိုးရှိမိခင်မှ ကလေးသို့ ထက်/အောက်ကူးစက်ခြင်းသည် ယေဘုယျအားဖြင့် ၅၀ % မှ ၉၀ % ခန့် အထိ ရှိပါသည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် ကိုယ်ဝန်ဆောင်မိခင်တိုင်းအား ကိုယ်ဝန်စတင်အပ်နှံချိန် တွင် အိတ်ချ်အိုင်ဗွီနှင့် ဆစ်ပလစ်ပိုးများအပြင် အသည်း ရောင်အသားဝါဘီပိုး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ ဘီပိုးရှိမိခင်မှ ကလေးငယ်သို့ ဘီပိုး ကူးစက်ခြင်းမရှိစေရန်အတွက် ကိုယ်ဝန်ဆောင်မိခင်အား ကိုယ်ဝန် ခုနှစ်လမှစတင်၍ ဘီပိုးသေဆေး (သောက်ဆေး) တစ်နေ့လျှင်တစ်လုံး မှန်မှန်သောက်သုံးစေခြင်း၊ မွေးကင်းစ ကလေးငယ်ကိုလည်း မွေးပြီးပြီးချင်း ၁၂ နာရီအတွင်း ဘီပိုး ကာကွယ်ဆေးနှင့်အတူ ဘီပိုးဆေး (HBIG) ကိုလည်း တင်ပြိုင်တည်းထိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါ သည်။ ကမ္ဘာတစ်ဝန်း ကလေးငယ်များတွင် မွေးပြီးပြီးချင်း ၊ ၂၄ နာရီအတွင်း ဘီပိုးကာကွယ်ဆေးထိုးနှံပေးခြင်း လွှမ်းခြုံမှုမှာ ၂၀ဝ၀ ပြည့်နှစ်တွင် ငါးရာခိုင်နှုန်း၊ ၂၀ဝ၅ ခုနှစ် တွင် ၂၂၊ ၂၀၁၀ ပြည့်နှစ်တွင် ၂၉၀% နှင့် ၂၀၁၅ ခုနှစ်တွင် ၃၉% ရှိပါသည်။ ၂ဝ၂ဝ နှင့် ၂၀၃၀ ပြည့်နှစ်တို့တွင် လွှမ်းခြုံမှု ၅ဝနှင့် ၉၀ % အထိ အသီးသီးရောက်ရှိစေရန် ရည်မှန်းလျာထားပါသည်။

 

၃။ အန္တရာယ်ကင်းစိတ်ချရသော သွေးသွင်းခြင်းနှင့် ဆေးထိုးမှုခံယူခြင်း

 

ဘီပိုးနှင့်စီပိုး ကူးစက်ခြင်းကို ကာကွယ်ရန်အတွက် မလိုအပ်ဘဲ သွေးသွင်းခြင်းနှင့် ဆေးထိုးခြင်းတို့ကို လုံးဝ ရှောင်ရှားရပါမည်။ လိုအပ်ပါကလည်း အန္တရာယ် ကင်းစိတ်ချရသော သွေးသွင်းခြင်းနှင့် ဆေးထိုးခြင်း တို့ကိုသာ ခံယူရပါမည်။ သွေးသွင်းရန်လိုအပ်ပါက ရောဂါပိုးများရှိ၊ မရှိ စစ်ဆေးထားသော ရောဂါပိုးများ ကင်းစင်သော သွေးများသွင်းခြင်းနှင့် စေတနာ သွေးလှူရှင်များက လှူဒါန်းသောသွေးများကိုသာ  လုံးဝအသုံးပြုသင့်ပါသည်။ သွေးလှူရှင်များတွင်  ဘီပိုးနှင့်စီပိုးရှိ၊ မရှိ သွေးစစ်ဆေးခြင်း ဆောင်ရွက်မှုသည် ၂၀၁၅ ခုနှစ်တွင် ၉၅ % ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ၉၇ မင်း နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၁ဝဝ%သို့ ရရှိရန်လည်း လျာထားဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် လက်ရှိ | ဘီပိုးနှင့် စီပိုးရှိသူများသည် စိတ်မချရသောဆေးထိုးမှု ခံယူခြင်းမှ ကူးစက်ခံရခြင်း ဖြစ်ပါသည်။ အန္တရာယ် မကင်းသော၊ စိတ်မချရသော ဆေးထိုးခြင်းများသည် ၂၀၁၅ ခုနှစ်တွင် ၄၀ % ခန့်ရှိပါသည်။ သွေးသွင်း၊ ဆေးထိုးခြင်းများကို ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၃၀ ပြည့်နှစ်တို့ တွင် အန္တရာယ်လုံးဝမရှိစေရန် (၁ဝဝ% စိတ်ချရစေရန်) လျာထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

 ၄။ မူးယစ်ဆေးဝါး သွေးကြောတွင်း ထိုးသူများတွင် ရောဂါပိုးကူးစက်မှု လျှော့ချခြင်း ၊

 

မူးယစ်ဆေးဝါးသွေးကြောတွင်းထိုးသူ(PNID) များတွင် အသည်းရောင်အသားဝါပိုး၊ အထူးသဖြင့် စီပိုးကူးစက်ခံရမှုနှုန်း လွန်စွာမြင့်မားပါသည်။ ဆေးထိုးပြွန်၊ အပ်များကို ပြန်လည်အသုံးပြုခြင်းနှင့် တစ်ပါးသူနှင့်ဝေမျှ သုံးစွဲခြင်းတို့သည် ကူးစက်ခံရမှု မြင့်မားရမှု၏ အဓိက အကြောင်းရင်းများ ဖြစ်ပါသည်။ WHO ၏ ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း PWID များတွင် ဘီပိုး ကူးစက်မှုနှုန်း ၉ ဒသမ ၁ % နှင့် စီပိုးကူးစက်မှုနှုန်း ၅ ဒသမ ၃ ရှိပါသည်။ PWID တစ်ဦးချင်းစီအတွက် စိတ်ချ ရသော တစ်ခါသုံးဆေးထိုးပြွန်နှင့်အပ်တို့ အခမဲ့ဖြန့်ဝေ ပေးနိုင်ခြင်း အညွှန်းကိန်းမှာ ၂၀၁၅ ခုနှစ်တွင် ၂၇ စုံသာ ရှိခဲ့ပါသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် အစုံ ၂၀ဝ နှင့် ၂၀၃၀ ပြည့်နှစ်တွင် အစုံ ၃၀ဝ အထိရရှိအောင် ဆောင်ရွက်ပေး ရန် ထားပါသည်။

 

၅။ ဘီပိုးနှင့် စီပိုး ရှိ ၊ မရှိ စစ်ဆေးခြင်းနှင့်ရောဂါကုသမှုခံယူခြင်း

 

WHO ၏ ၂၀၁၉ ခုနှစ် ခန့်မှန်းချက်အရ ကမ္ဘာပေါ် တွင် ၈၀% သော ဘီပိုးနှင့်စီပိုး ကူးစက်ခံထားရသူများ သည် စစ်ဆေးမှုခံယူထားခြင်းမရှိသဖြင့် မိမိကိုယ်မိမိ ကူးစက်ခံထားရသည်ကိုလည်း မသိရှိကြပါ။ ၂၀၁၅ ခုနှစ်တွင် ရောဂါပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှု ခံယူနိုင်သည့် ဦးရေသည် ဘီပိုးအတွက် ကိုးရာခိုင်နှုန်းနှင့် စီပိုးအတွက် ၂၀ % သာ ရှိပါသည်။

 

၂၀၂၀ ပြည့်နှစ်တွင် ၃၀% နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၉၀% အထိ စစ်ဆေးပေးနိုင်ရန် လျာထားပါသည်။ ထို့အပြင် ၂၀၁၅ ခုနှစ်တွင် ဘီပိုးရှိသူများ၏ ရှစ်ရာခိုင်နှုန်းနှင့် စီပိုးရှိသူများ ၏ ခုနစ်ရာခိုင်နှုန်းသာလျှင် ထိရောက်တိကျမှန်ကန်သော ဗိုင်းရပ်စ်ပိုးသတ်ဆေးတို့ဖြင့် ကုသမှုခံယူလျက်ရှိနေပါ သည်။ ၂၀၃၀ ပြည့်နှစ်တွင် ဘီပိုး၊ စီပိုး ကူးစက်ခံလူနာ များ၏ ၈၀% အား ဗိုင်းရပ်စ်ပိုးသတ်ဆေးတို့ဖြင့် ဆေး ကုသမှုပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။

 

ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါရောဂါများ ကင်းစင်နိုင်ရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းရပ် များကို ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေး/ဘတ်ဂျက်၊ ထောက်ကူပြုပစ္စည်း၊ ကောင်းမွန်သော မဟာဗျူဟာ နည်းစနစ်နှင့် အချိန်ပေးရင်းနှီးမြှုပ်နှံဆောင်ရွက်ရမည် ဖြစ်ပါသည်။ WHO ၏ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ သန်း ၅၀ဝ ခန့် ရင်းနှီးမြှုပ်နှံဆောင်ရွက် ခဲ့ပါသည်။ ၂၀၃၀ ပြည့်နှစ်၌ ကမ္ဘာပေါ်တွင် အသည်းရောင် အသားဝါရောဂါကင်းစင်ရေးအတွက် အထက်ပါ ရည်မှန်းထားချက်များ ပြည့်မီနိုင်ရေးအတွက် ဝင်ငွေအလယ်အလတ်နှင့် နည်းပါးသော (Low-and Middle=Income Countries) ဖွံ့ဖြိုးဆဲနိုင်ငံ ၆၇ နိုင်ငံတွင် တစ်နှစ်လျှင်ဒေါ်လာ သန်း ၆၀ဝ၀ ခန့် ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဟု ခန့်မှန်းတင်ပြထားပါသည်။ WHO က ချမှတ်ထားသော အထက်ဖော်ပြပါလုပ်ငန်းကြီး ငါးရပ်ကိုအောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံအသီးသီးမှ သက်ဆိုင်ရာအစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူလူထုကလည်း ပံ့ပိုးကူညီပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

 

 မြန်မာနိုင်ငံနှင့် အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ

 

WHO ၏ ထုတ်ပြန်သတ်မှတ်ချက်အရ ကမ္ဘာပေါ် တွင် အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးအတွက် ဦးစားပေးဆောင်ရွက်ရသည့် ကူးစက်မှုနှုန်းများသော နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် မြန်မာနိုင်ငံသည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံ တစ်ဝန်း သုတေသနပြုလေ့လာချက်အရ မြန်မာနိုင်ငံတွင် ဘီပိုးကူးစက်ခံရမှုနှုန်း ၆ ဒသမ ၅ % နှင့် စီပိုးကူးစက်ခံရမှု နှုန်း ၂ ဒသမ ၇ % ရှိပါသည်။ ငါးနှစ်အောက် ကလေးငယ်များ တွင် ဘီပိုး ကူးစက်ခံရမှုနှုန်း ရှိပါသည်။ ဘီပိုးကူးစက်ခံရ မှု အများဆုံးမှာ ရန်ကုန် ၁၂ ဒသမ ၃ %၊ ပုသိမ် ၉ ဒသမ ၂ နှင့် မော်လမြိုင် ၇ ဒသမ ၈ % တို့ဖြစ်ပြီး စီပိုးကူးစက်ခံ ရမှုအများဆုံးမှာ မော်လမြိုင် ၁၀ ဒသမ ၃ ၊ မန္တလေး ၇ ဒသမ ၂ % နှင့် လားရှိုး ငါးရာခိုင်နှုန်းတို့ ဖြစ်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားသွေးဌာန ၏ ၂၀၁၅ ခုနှစ် ထုတ်ပြန်ချက်အရ သွေးလှူရှင်များတွင် ဘီပိုး စမ်းသပ်တွေ့ရှိမှု ၃ ဒသမ ၇ ၆ နှင့် စီပိုးစမ်းသပ်တွေ့ရှိမှု ဝ ဒသမ ၇၁ % ရှိပါသည်။ မူးယစ်ဆေးဝါးသွေးကြောတွင်း ထိုးသူများတွင် ဘီပိုးကူးစက်မှုနှုန်း ၈ ဒသမ ၂ % နှင့် စီပိုး ကူးစက်မှုနှုန်း ၅၈ ဒသမ ၉ ဝ ရှိပါသည်။ မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အမျိုးသား အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက် (NHCP) ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့ စည်းတည်ထောင်ခဲ့ပြီး ရောဂါကာကွယ်ရေး၊ ရှာဖွေဖော်ထုတ်စစ်ဆေးရေး ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ကို WHO က သတ်မှတ်ထားသောအညွှန်းကိန်းများ ပြည့်မီရရှိရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိပါသည်။

 

မြန်မာနိုင်ငံတွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေး တိုက်ခြင်းအစီအစဉ်တွင် မွေးကင်းစကလေးငယ်များ အားလုံးကို မိခင်မှမွေးဖွားပြီးပြီးချင်း ၂၄ နာရီအတွင်း ဘီပိုးကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကလေးငယ်များ၏ အသက် နှစ်လ၊ လေးလနှင့် ခြောက်လရွယ်တို့တွင် ဘီပိုး ကာကွယ်ဆေးကို တခြားသော ကာကွယ်ဆေးများနှင့်အတူ ထိုးနှံမှု ခံယူရပါသည်။ နိုင်ငံတစ်ဝန်း ကလေးငယ်များတွင် ဘီပိုးကာကွယ်ဆေး သုံးကြိမ်ပြည့် ထိုးနှံခြင်းတွင် ၂၀၁၅ ခုနှစ်တွင် ၇၆ ခံ နှင့် ၂၀၁၈ ခုနှစ်တွင် ၉၁% ရှိပါသည်။

 

ဘီပိုးရှိမိခင်မှ ကလေးသို့ ကူးစက်မှုကို ကြိုတင်ကာကွယ်ခြင်း ဆောင်ရွက်နိုင်ရန် မွေးပြီးပြီးချင်း ၂၄ နာရီအတွင်း ဘီပိုး ကာကွယ်ဆေးထိုးနှံပေးခြင်း လွှမ်းခြုံမှုမှာ ၂၀၁၆ ခုနှစ် တွင် တစ်ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁၄ ရှိပါသည်။ မြန်မာ နိုင်ငံတွင် မူးယစ်ဆေးဝါးသွေးကြောတွင်းထိုးသူဦးရေ စုစုပေါင်း ၉၃၀ဝ၀ ခန့်ရှိပြီး တစ်ခါသုံးဆေးထိုးပြွန်နှင့် | အပ်များကို တစ်နှစ်အတွင်း PWD တစ်ဦးစီသို့ ဖြန့်ဝေပေး နိုင်မှုမှာ ၂၂ စုံရှိပါသည်။ ၂၀၁၅ ခုနှစ်တွင် ဘီပိုးနှင့် စီပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုခံယူသည့် ဦးရေသည် တစ်ရာခိုင်နှုန်း အောက်သာရှိပြီး ပိုးရှိသူများ၏ တစ်ရာခိုင်နှုန်းခန့်သာလျှင် ဗိုင်းရပ်စ်ပိုးသတ်ဆေးတို့ဖြင့် ကုသမှုခံယူလျက်ရှိပါသည်။ NHCP မှအသည်းရောင်အသားဝါစီပိုး ကူးစက်ခြင်းခံနေရသူ စီပိုးလူနာ ၆၀ဝ၀ ကို ထိရောက်သော ကုသဆေးများဖြင့် ၂၀၁၇ ခုနှစ် ဇွန်လမှ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ အခမဲ့ ဆေးကုသမှုပေးခဲ့ရာ စီပိုးပျောက်ကင်းမှုနှုန်း ၉၁ ဒသမ  ၉၃ % ရှိပါသည်။

 

အကြံပြုတင်ပြချက်

 

အသည်းရောင်အသားဝါ ရောဂါများသည် ကာကွယ်နိုင်ပါသည်။ ရောဂါသက်သာအောင်၊ ပျောက် ကင်းအောင် ဆေးဝါးများဖြင့်လည်း ကုသနိုင်ပါသည်။ အသည်းရောင်ဘီပိုးအတွက် စိတ်ချ၍ အစွမ်းထက်သော ကာကွယ်ဆေးရှိပါသည်။ ကူးစက်ခံရလျှင်လည်း သက်သာအောင် ကုသနိုင်သည့်ဆေးများ ရှိပါသည်။ စီပိုးအတွက်မူ ကာကွယ်ဆေး မရှိသေးသော်လည်း ကူးစက်ခံရပါက အချိန် တိုအတွင်း လုံးဝပျောက်ကင်းအောင် ကုသနိုင်သည့်ဆေးဝါးများလည်း ရှိနေပြီဖြစ်ပါသည်။ မိမိကိုယ်တိုင်နှင့် မိသားစုက အောက်ပါအချက်များကို လိုက်နာဆောင်ရွက် ခြင်းဖြင့် အသည်းရောင်အသားဝါရောဂါများ ကင်းဝေးအောင် ဆောင်ရွက်နိုင်ပါသည်။

 

• မိမိကိုယ်မိမိ ဘီပိုး၊ စီပိုး ရှိ၊ မရှိ မသိသေးလျှင် စစ်ဆေးမှုခံယူပါ။

• ဘီပိုးမရှိလျှင် ဘီပိုးကာကွယ်ဆေးထိုးပါ။

• ဘီပိုး၊ စီပိုးရှိလျှင် ထိရောက်မှုရှိသော ဆေးများဖြင့် အမြန်ဆုံး ကုသမှုခံယူပါ။

• ဘီပိုးရှိမိခင်မှ ရင်သွေးငယ်ကလေးသို့ကူးစက်မှုမရှိအောင် ကာကွယ်ပါ၊

• မွေးကင်းစကလေးတိုင်း ဘီပိုးကာကွယ်ဆေးထိုးပါ။

• ကလေးငယ်တိုင်းကိုလည်း အသက်နှစ်လ။လေးလနှင့် ခြောက်လအရွယ်တို့တွင် ဘီပိုးကာကွယ်ဆေး သုံးလုံးပြည့်အောင် ထိုးနှံမှု ခံယူပါ။ • မလိုအပ်ဘဲ ဆေးထိုးခြင်းကို ရှောင်ကြဉ်ပါ။

• ဆေးထိုးအပ်၊ ပြွန်နှင့် မုတ်ဆိတ်ရိတ်ဓားများမျှဝေသုံးစွဲခြင်းရှောင်ကြဉ်ပါ။

• လိုအပ်၍သွေးသွင်းကုသမှု ခံယူရသည်ဆိုပါကရောဂါပိုးစစ်ဆေးပြီး ပိုးကင်းသည့် သွေးသာ သွင်းပါ။

• လိင်ဆက်ဆံဖော် မများပါနှင့်၊ လိုအပ်ပါကအကာအကွယ်ဖြင့် လိင်ဆက်ဆံပါ။

• သွေးပေကျံနေသော ဆေးထိုးအပ်၊ ပြွန်၊ ပိုက်နှင့်ဓားများကို သတိပြု ကိုင်တွယ်ပါ။ စနစ်တကျစွန့်ပစ်ပါ။

• မူးယစ်ဆေး အကြောတွင်းထိုးခြင်း၊ သုံးစွဲခြင်းမပြုပါနှင့်။

• မိမိတွင် ဘီပိုး၊ စီပိုးရှိပါက တစ်ပါးသူထံသို့ဆက်လက်မကူးစက်ရလေအောင် ဆင်ခြင် နေထိုင် ဆက်ဆံမှုပြုပါ၊

 

ပြည်သူများကလည်း အထက်ပါကဲ့သို့ လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အစိုးရက အသည်း ရောင်အသားဝါရောဂါကာကွယ်ခြင်း၊ ကုသခြင်း၊ ရောဂါ ရှာဖွေခြင်းနှင့် ကုသမှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ များစွာအထောက် အကူပြုနိုင်ပါကြောင်းနှင့် အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးများကြောင့် နာတာရှည်ရောဂါများ ဆက်လက် ဖြစ်ပွားခြင်းနှင့် သေဆုံးခြင်းတို့ကို လျော့ကျစေနိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ။