အင်းဝမြို့ဟောင်းမှ လေ့လာစရာ လောကသရဖူစေတီ တံတိုင်းတွင်းရှိ လက်ရာမြောက် သိကြားရေစင်သွန်းရုပ်တု

၂၆ စက်တင်ဘာ

အင်းဝမြို့ဟောင်းရှိ လောကသရဖူ စေတီတော်ကြီးမှာ အင်းဝမြို့အနောက်မျက်နှာ အပြင်မြို့ကြီးအတွင်း ဆင်ကျုံးရွာဦး၌ တည်ရှိသော စေတီတစ်ဆူဖြစ်သည်။ စေတီတော် ပတ်လည်တွင် ထူးခြားသောလေ့ လာစရာများစွာ တည်ရှိနေသည်။ ထိုအထဲတွင် သမိုင်းဝင် သိကြားရေစင်သွန်းရုပ်လည်း ပါဝင်သည်။

သိကြားရေစင်သွန်းရုပ်တုကို အဆောက်အဦတစ်ခုဖြင့် သီးသန့်ထားပေးထားသည်။ ရေစင်သွန်းရုပ်ကို လောကသရဖူ တံတိုင်းအတွင်း အရှေ့မြောက်ထောင့်၌ တည်ရှိသည်။ သိကြားမင်းရေစင်သွန်းရုပ်မှာ လက်ရာမြောက်ပြီး စကျင်ကျောက်ဖြင့် ထုလုပ်ထားသည်။ လက်နှစ်ဖက်ကိုဖြန့်ပြီး ခရုသင်းကိုင်ကာ ရေစင်သွန်းနေဟန် ထုလုပ်ထားပုံမှာ လက်ရာမြောက်လှသည်။ လက်ရာမှာ ညောင်ရမ်းခေတ်လက်ရာဖြစ်ပြီး တနင်္ဂနွေမင်းက တည်ထားခဲ့သည်ဟု ဆိုထားသည်။ ရုပ်တု၏ထူးခြားချက်မှာ မင်းဝတ် တန်ဆာအဆင်အယင်များဖြင့် ထုလုပ်ထားသည်ကို မြင်တွေ့နိုင်သည်။

အင်းဝမြို့ဟောင်းတွင် အခြားလက်ရာမြောက် သိကြားမင်းရေစင်သွန်း ရုပ်တုများကိုလည်း လေ့လာနိုင်သည်။ ထိုရုပ်တုများမှာ အင်းဝပြတိုက်တွင် တစ်ခု၊ လောကသရဖူ စေတီအတွင်း တစ်ခု၊ ငါးမာန်အောင်ဘုရားအတွင်း တစ်ခုနှင့် တုဿမာန်အောင်ဘုရားအတွင်း တစ်ခု စုစုပေါင်း လေးခုရှိသည်။ ငါးမာန်အောင်စေတီနှင့် တုဿမာန်အောင်စေတီကို တနင်္ဂနွေမင်းက တည်ထားခဲ့သည့်အတွက် သိကြားရေစင်သွန်းရုပ်တုများမှာ ညောင်ရမ်းခေတ် လက်ရာစစ်စစ်များအဖြစ် မြင်တွေ့နိုင်သည်။ လက်ရှိကာလတွင် လောကသရဖူဘုရားဝင်းအတွင်းရှိ သိကြားရေစင်သွန်း လက်ရာမြောက် စကျင်ကျောက်ရုပ်တုကို လေ့လာခြင်းဖြင့် ညောင်ရမ်းခေတ်   ဆင်ယင်ထုံးဖွဲ့မှုများကို လေ့လာနိုင်ကြောင်း သိရသည်။

တိမ်တမန်