အင်းတော်ကြီး စက်တင်ဘာ ၁၇
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အိုင်လေးတူကျေးရွာအနီးအနား ပတ်ဝန်းကျင်ရှိ စပါးစိုက်ခင်းများ၌ စိုက်ပျိုးထားသော မိုးစပါးပင်များမှာ ယခုအခါ စပါးဂုတ်ကျိုးရောဂါ ကျရောက်နေကြောင်း တောင်သူများထံမှသိရသည်။
“ရာသီဥတုကြောင့်လားမသိဘူး ပိုးမွှားကျမှုကတစ်အားများတယ်။ ဒီနှစ်က မနှစ်တုန်းကထက်ကို ပိုကျတယ်။ ပြီးတော့ဂုတ်ကျိုးရောဂါဖြစ်တယ် ။ ဖြစ်စဆိုတော့ လေးငါးဧက ခြောက်ဧကတော့ ရှိသွားမှာပေါ့။ ကျွန်တော်ကြိုတင်ပြီးမှ ဆေးတွေသွားဖျန်းလိုက်တော့ သက်သာသွားတယ်” ဟု တောင်သူ ဦးကျော်ထွေးက ပြောသည်။
စိုက်ပျိုးရေးစာတမ်းများအရ ၎င်းရောဂါသည် အပင်၏ ဇီဝကမ္မပြောင်းလဲချိန်တွင် ခံနိုင်ရည်နည်းပါးမှု ၊ စိုထိုင်းဆ များပြားမှုတို့ကြောင့်ဖြစ်ပြီး ညအပူချိန် နိမ့်ကျနေမှုတို့ကလည်း ရောဂါကိုပြင်းထန်စေကာ စပါးပင်အရွက်များတွင် အစက်ပြောက်သေးသေးလေးမှ အကွက်များဖြစ်ပေါ်လာပြီး အရွက်ခြောက် ကြသွားကာ စပါးပင်ငုတ်တို တစ်ထွာခန့်သာ ကျန်တော့ကြောင်း၊ ထိုရောဂါပိုး ကျရောက်နေချိန်တွင် ပုလဲမြေဩဇာကို ထည့်၍ မရနိုင်ကြောင်း ပိုတက်/စက်ဖွဲပြာတို့ကိုသာ ထည့်သွင်းသင့်ကြောင်း အကြံပြု ရေးသားထားသည်။
“လယ်တစ်စားလုံးရဲထွက်သွားပြီးမှ ငုတ်ပဲကျန်တာပါဆို ၊ ငုတ်ဆိုတာ တစ်ထွာလောက်လေးပဲရှိတာ ၊ အညွှန့်တက်လာတာမှန်သမျှ အကုန်လုံးစားတာလေ ၊ ဘယ်လိုကြီးလဲမသိဘူး” ဟု တောင်သူတစ်ဦးက ဆိုသည်။
အဆိုပါ စပါးဂုတ်ကျိုးရောဂါကြောင့် အိုင်လေးတူကျေးရွာရှိ စပါးစိုက်ပျိုးဧက ရာနှင့်ချီဖြစ်ပွားနေ၍ တောင်သူများက မှိုသတ်ရွက်ဖျန်းဆေးတစ်မျိုးကို အသုံးပြု၍တိုက်ဖျက်နေကြရကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)