အင်းစိန်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၁၀၅၄ ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ

ရန်ကုန် ၁၃        ဖေဖော်ဝါရီ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်မှ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ရာဇဝတ်ကျင့်ထုံး ဉပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ အကျဉ်းသား၊ အကျဉ်းသူ ၁၀၅၄ ဦးကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်သော လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ လွတ်မြောက်မည့် အကျဉ်းသား ၈၈၇ ဦးနှင့် အကျဉ်းသူ ၁၆၇ ဦး စုစုပေါင်း ၁၀၅၄ ဦးတို့ကို တာဝန်ရှိသူများက ဆုံမဩဝါဒစကားများ ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်ကာ အကျဉ်းထောင်၊ အချုပ်ထောင်စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦး အနက် အင်းစိန်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၁၀၅၄ ဦး ပါဝင်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)