အင်းဆက် တွေက သင့်ကို ဘာရောဂါပေးနိုင်သလဲ။

၁၉ ဇန်နဝါရီ

အင်းဆက် တွေက ကိုက်တာ ဒါမှမဟုတ် သင်စားမယ့်အစားအစာတွေမှာ နားလိုက်ပြီး သင့်ကို ရောဂါပေါင်းစုံပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အင်းဆက်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ အများကြီး ရှိပါတယ်။ ဘယ်အင်းဆက်တွေက ဘာရောဂါတွေ ပေးနိုင်သလဲဆိုတာ ရှင်းပြပေးပါမယ်။

ဘယ် အင်းစက် တွေကနေ ဘာရောဂါတွေ ကူးနိုင်သလဲ။

•           ခြင် – ခြင်အမျိုးအစားပေါင်းသုံကနေ ရောဂါမျိုးစုံဖြစ်နိုင်ပါတယ်။ ဥပမာ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက်ရောဂါ၊ ဆင်တုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ

•           ယင် – ယင်ကောင်တွေကနေတော့ ဝမ်းပျက်ဝမ်းလျှာရောဂါ ဖြစ်စေနိုင်ပါတယ်။

•           Tick – Lyme ရောဂါ

•           ကမျဉ်းနီကောင် – Scrub typhus

အင်းဆက် က ကူးနိုင်တဲ့ အဖြစ်များတဲ့ ရောဂါများ

•           သွေးလွန်တုပ်ကွေး

Flaviဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး အေးဒီးစ်ခြင်မ ကိုက်ရာကနေ  ကူးစက်ခံရပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အများစုက အချိန်တိုအတွင်း သက်သာကြပေမယ့် တချို့တွေမှာ သွေးလန့်ပြီး ရှော့ဖြစ်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ပိုးဝင်ပြီး ၇ရက်လောက်နေရင် လက္ခဏာပြပါတယ်။ အဓိကက ဖျားပြီး အနီစက်ထွက်တာပါ။

မိုးရာသီမှာ အဖြစ်များပေမယ့် ရာသီမရွေးဂရုစိုက်သင့်ပါတယ်။ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ၃ရက်ထက်ပိုဖျားရင် သွေးလွန်တုပ်ကွေးကို သတိပြုပါ။ တိကျတဲ့ ကုသနည်း မရှိပါဘူး။ ဝေဒနာသက်သာအောင် ဆေးပေးပြီး စောင့်ကြည့်ပါတယ်။ ကာကွယ်ဆေးကတော့ စမ်းသပ်ဆဲအဆင့်ပါ။

•           ငှက်ဖျား

Plasmodium ကပ်ပါးပိုးကြောင့်ဖြစ်ပြီး အနော်ဖိလိ ခြင်ကိုက်ရာကနေ ကူးစက်ပါတယ်။ သစ်တော၊ တောအုပ်နဲ့ နီးတဲ့ နယ်ဘက်တွေမှာ ပိုဖြစ်ပါတယ်။ ဒီလိုနေရာမှာ နေတဲ့သူဖြစ်ဖြစ်၊ ခရီးသွားပြီး ပြန်လာတဲ့သူဖြစ်ဖြစ် ကိုယ်လက်ကိုက်ခဲ ချမ်းတုန်ပြီး ဖျားလာခဲ့ရင် ငှက်ဖျားစစ်သင့်ပါတယ်။ စောစောသိရင် ကုသလို့ရပါတယ်။ နောက်ကျသွားရင်တော့ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။

•           ဆင်ခြေထောက်ရောဂါ

ကပ်ပါးပိုးကြောင့်ဖြစ်ပြီး ခြင်ကိုက်ရာကနေ ကူးစက်ပါတယ်။ ကပ်ပါးပိုးလေးတွေ ကြီးလာတဲ့အခါ အရေပြားအောက်မှာ လျှောက်သွားသလို ပြန်ရည်ကြောတွေမျာလည်း သွားပိတ်နိုင်ပါတယ်။ ပြန်ရည်ကြောမှာ သွားပိတ်ရင်တော့ ပြန်ရည်ကြောတွေ ရောင်ရမ်းပြီး  ခြေတွေ လက်တွေ ဖောင်လားတတ်ပါတယ်။ ကြာလာရင် ပိုးဝင်လာတတ်ပါတယ်။

မကုသဘဲ ထားလိုက်မယ်ဆိုရင် ကြာလေဆိုးလေဖြစ်ပြီး အရေပြားတွေထူလာတာကြောင့် ဆင်ခြေထောက်လို ဖြစ်လာပါတယ်။ ကုသမယ်ဆိုရင်တော့ ကပ်ပါးပိုးသတ်ဆေးတွေနဲ့ ကုသလို့ရပါတယ်။

•           ဆင်တုပ်ကွေး

လွန်ခဲ့တဲ့ နှစ်ပိုင်း မိုးတွင်းလောက်က တော်တော်များများ ဆင်တုပ်ကွေးဒဏ်ကို ခံလိုက်ရပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အေးဒီးစ်ခြင်ကိုက်ရာက ကူးခံရပါတယ်။ သိသာတဲ့လက္ခဏာကတော့ ဖျားပြီး ခြေတွေ လက်တွေ ကိုက်တာ့ပါ။ အများစုက အဖျားကျသွားတာတောင် ကိုယ်လက်ကိုက်တာ ကျန်ပါတယ်။ ၁၀ရာခိုင်နှုန်းက နာတာရှည် ဖြစ်သွားတတ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့်မို့လို့ ပိုးသတ်ဆေးတွေနဲ့ ကုသလို့ မရပါဘူး။ ဝေဒနာသက်သာအောင် ဆေးတွေပေးပြီး ကုသလို့ရပါတယ်။ တစ်ခါဖြစ်ပြီးရင် ခုခံအားရသွားလို့ နောက်တစ်ခါထပ်ဖြစ်ဖို့ ခဲယဉ်းတယ်လို့ ဆိုကြပါတယ်။

•           ဂျပန်ဦးနှောက်ရောင် ရောဂါ

သူကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး ကျူးလက်စ်ခြင်ကိုက်ရာက ကူးစက်တတ်ပါတယ်။ များသောအားဖြင့် ဝက်ခြံတို့၊ ဘဲခြံတို့အနီးအနားမှာ နေတဲ့သူတွေက အဖြစ်များပါတယ်။ ကလေးတွေမှာ အဓိက တွေ့ရပြီး ကူးစက်ခံရရင် ဆေးမရှိပါဘူး။ ဝေဒနာသက်သာအောင်ပဲ လုပ်ပေးလို့ရပါတယ်။

နာမည်အတိုင်းပဲ နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ရောင်တတ်ပါတယ်။ အသက်မသေခဲ့ရင်တောင် ဦးနှောက်ထိခိုက်ပြီး သာမန်လူလို နေနိုင်မှာ မဟုတ်ပါဘူး။ ကံကောင်းတာက ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။

•           ဝမ်းပျက်ဝမ်းလျှော

ဝမ်းပျက်ဝမ်းလျှော ရောဂါအများစုကတော့ ယင်နားစာတွေကို စားမိရာကဖြစ်ပါတယ်။ ယင်ကောင်က မစင်ပေါ်မှာနားမယ်။ ပြီးရင် စားမယ့် အစားအစာ ဒါမှမဟုတ် ရေကို ထပ်နားမယ်ဆိုရင် လူတွေက ပိုးတွေကိုပါ စားမိမှာပါ။ ယင်ကောင်ကြောင့် ဖြစ်တဲ့ နာမည်ကြီး ရောဂါတွေကတော့ အူရောင်ငန်းဖျား၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ စတာတွေ ဖြစ်တတ်ပါတယ်။ အူရောင်ငန်းဖျားကတော့ ကာကွယ်ဆေးရှိပါတယ်။

•           Lyme ရောဂါ

Tickလို့ခေါ်တဲ့ အင်းဆက်ကိုက်တာကြောင့် ဖြစ်တာပါ။ စစချင်းလက္ခဏာကတော့ ကိုက်တဲ့နေရာမှာ အကွက်လိုက်ပေါ်လာပါတယ်။ မျှားပစ်တဲ့ ဗဟိုချက်နဲ့ တူပါတယ်။ တချို့တွေမှာဆိုရင်တော့ ဖျားတာ၊ နုံးတာ၊ ကိုယ်လက်ကိုက်တာ၊ ပြန်ရည်ကျိတ်တွေ ရောင်တာ စတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်နှာရွဲ့တာ၊ ဦးနှောက်အမြှေးရောင်တာ၊ အဆစ်တွေရောင်တာတွေ ဖြစ်လာနိုင်ပါတယ်။

•           Scrub typhus

ကမျဉ်းနီကောင် ကိုက်ခံရတာကနေ ကူးစက်ပါတယ်။ ချုံထူထပ်တဲ့နေရာမှာ အဖြစ်များပါတယ်။ ခန္ဓာကိုယ်မှာ အနာဖေးလိုမျိုး အနာဖြစ်တတ်ပါတယ်။ လူနာက ဖျားပြီး ဘေးလူတွဲရလောက်အောင် နုံးကျသွားတာကို တွေ့ရပါတယ်။ ပိုးသတ်ဆေးပေးပြီး ကုသလို့ရပါတယ်။

Takeaways

အင်းဆက် တွေက သင့်ကို ရောဂါပေါင်းစုံဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ခြင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ၊ ယင်ကောင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေ အဖြစ်များတာကို တွေ့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr. Htet Htet Zaw Win