အနာဂတ်အရေး၊ ရွှေရင်အေးဖို့ လူတိုင်းစာဖတ်ကြပါစို့

၁၂  နိုဝင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်းခန်းမ အားကစားကွင်း၌ နိုဝင်ဘာလ၂ ရက်၊ ၃ ရက်နေ့များတွင် ကလေးစာပေပွဲတော်ကို ကျင်းပခဲ့ပါသည်။ တောင်ငူခရိုင်တစ်ခုလုံးရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

ဟောပြောပွဲများနှင့် ပြခန်းများ

စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲကိုလည်း ကျင်းပပေးနိုင်ခဲ့ပါသည်။ ထို့အတူ ကျောင်းသား ကျောင်းသူများ ဗဟုသုတအသိဉာဏ်ပညာ တိုးတက်လာစေရန် ရည်ရွယ်၍ စာပေဟောပြောပွဲများ၊ စာပေစကားဝိုင်းများကိုလည်း ကျင်းပနိုင်ခဲ့ပါသည်။ ကျောင်းသား ကျောင်းသူများ၏ အကပဒေသာဝေဝေဆာဆာအစီ အစဉ်ကိုလည်း ကာယ၊ ဉာဏ၊ သုတ၊ ရသ၊ စာဂ၊ အနုပညာအစုံအလင်ဖြင့် ကျောင်းသား ကျောင်းသူများ ၏ စွယ်စုံအရည်အချင်းကိုဖော်ပြနိုင်ခဲ့ကြပါသည်။ ပြခန်း များကိုလည်း ကဏ္ဍအသီးသီးမှ ပြသပေးကြပါသည်။

မူးယစ်ဆေးဝါးအန္တရာယ်တို့ကို သိရှိစေရန်အတွက် မူးယစ်တပ်ဖွဲ့စု (၃၆) မှ ဦးဆောင်၍ ပြခန်းများ ပြသထားပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း | ပဲခူးတိုင်းဒေသကြီးကလည်း မူးယစ်ဆေးဝါးဆိုးကျိုး အန္တရာယ်တို့ကို ပြသကာ လက်ကမ်းအသိပညာပေး စာစောင်များ၊ မူးယစ်ဆန့်ကျင်ရေးအသင်း(ဗဟို)မှ ထုတ်ဝေသည့် တံလျှပ်ဂျာနယ်များကိုလည်း ဝေငှပေးနိုင်ခဲ့ပါသည်။

ပန်းချီပြခန်းများတွင် ကျောင်းသား ကျောင်းသူများ၏ ဆုရလက်ရာများကို ပြသထားပေးပါသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်အတွက် အသိပညာဗဟုသုတပညာပေးကို တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့နှင့် တိုင်းဒေသကြီး ကညနတို့ကဦးဆောင်၍ ပြခန်းများကိုပြသနိုင်ကြသလို သဘာဝဘေးအန္တရာယ်များကျရောက်လျှင် ကြိုတင်ကာကွယ်နိုင်ပုံများကို မီးသတ်တပ်ဖွဲ့က ပြသပေးသွား ကြပါသည်။

ကလေးစာပေပွဲတော်ကြီးကို ၂၈-၃-၂၀၁၉ မှ ၃၀-၃-၂၀၁၉ အထိပဲခူးမြို့ ပဲခူးတက္ကသိုလ်ကြီးတွင်လည်း ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရက ကျင်းပရကျိုးနပ်အောင်ကိုပင် ကျောင်းသား ကျောင်းသူများ စာပေအသိတန်ဖိုးကို နားလည်သိရှိလာကြပါသည်။ စာပေပညာရှင်များကလည်း စာပေဟောပြောပွဲ၊ စာပေ စကားဝိုင်းတို့တွင် အသိပညာကို စာပေက ရရှိသည့် အဓိပ္ပာယ်များဖြင့်သာ ဖော်ကျူးဟောပြောသွားကြပါသည်။

ယခုအခါ နိုင်ငံတော်အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကလေးစာပေပွဲတော်များ ကျင်းပ ပေးခြင်းသည် ကျောင်းသား ကျောင်းသူများအတွက် များစွာသော အကျိုးကျေးဇူးကိုရရှိသည်မှာ မလွဲဧကန်ဖြစ် ပါသည်။ စာအုပ်ဈေးရောင်းပွဲတော်ပါ တွဲပြီးကျင်းပပေးသည့်အတွက် ကျောင်းသား ကျောင်းသူ၊ ဆရာ၊ မိဘများ ကပါ စာအုပ်များကို ဖတ်ရှုရန် ဝယ်ယူကြပါသည်။ မြင်ရသူပင် စိတ်ကြည်နူးပီတိဖြစ်မိပါသည်။ စာဖတ်သူများ ပေါများလာလေ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာလေ ဖြစ်ပါသည်။ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)က စာမဖတ်သူ ပပျောက်ရေးဟူ၍ ထောက်ပြသတိပေးခဲ့ဖူးပါသည်။ လူအ၊ လူနုံမဖြစ်အောင် စာဖတ်ရမည်ဖြစ်သည်။

စာပေဖတ်ရှုခြင်း အကျိုးကျေးဇူး

စာပေဖတ်ရှုခြင်းသည် အသိပညာဗဟုသုတတိုးပွားလာခြင်း၊ အသိအမြင်အတွေးအခေါ်ရှိလာသည်နှင့်အမျှ အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားတတ်လာခြင်း၊ ဘဝတန်ဖိုးမြင့်မားခြင်း၊ အခြေအနေအချိန်အခါကို အကျိုးရှိစွာ အသုံးချဖန်တီးနိုင်ခြင်း၊ စိတ်နေစိတ်ထား ယဉ်ကျေးသိမ်မွေ့လာပြီး ကိုယ်ကျင့်တရား ကောင်းမွန်လာခြင်း၊ တိုင်းပြည်နှင့်လူမျိုး တိုးတက်အောင် အကျိုးပြုနိုင်စွမ်းသော သားကောင်း၊ သမီးကောင်းများ တိုးပွားပေါ်ထွန်းလာစေခြင်း စသည့်အကျိုးတရားများကို ရရှိစေပါသည်။ လူတစ်ဦး၏ စိတ်အာဟာရတစ်ခုဖြစ်စေရန် သည်စာဖတ်သည့် ယဉ်ကျေးမှုဓလေ့စရိုက်တစ်ခုပင် ဖြစ်ပါသည်။ လူသားတို့သည် အသက်အရွယ်ကြီးရင့် လာသည်နှင့်အမျှ အသိဉာဏ်ပညာနှင့် နှလုံးသားရင့်ကျက်ရန် လိုအပ်လာကြပါသည်။ သို့အတွက် စာပေသည် အကောင်းဆုံး အာဟာရတစ်ခုဖြစ်ပါသည်။

အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ နှလုံးသားရင့်ကျက်ရန် လိုအပ်သလို ဦးနှောက်လည်း ရင့်ကျက်ရန် လိုလာပါသည်။ စာပေသည် ဦးနှောက်ကိုလည်း ရင့်ကျက်စေပါသည်။ နှလုံးသားရင့်ကျက်လာနိုင်ဖို့သည် ရသစာပေများက အထောက်အကူဖြစ်စေသလို သုတစာပေများက လူများ၏ဦးနှောက်ကို ရင့်ကျက်စေနိုင်ပါသည်။ ကျောင်းသား ကျောင်းသူများ စာများများဖတ်နိုင်ရန် စာကြည့်တိုက်ကိုသွားပြီး စာဖတ်ရန် လိုအပ်ပါသည်။

ကလေးစာပေပွဲတော်များ

ယခု ကလေးစာပေပွဲတော်လို ပွဲမျိုးနိုင်ငံအတွင်း တိုင်းဒေသကြီး ပြည်နယ်အနှံ့အပြား ကျင်းပပေးခြင်းသည် အကောင်းဆုံး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းမျိုးပင်ဖြစ်ပါသည်။ ကလေးများ စာပေနှင့် ရင်းနှီးပြီး စာပေဝန်းကျင်တွင် မွေ့လျော်လာအောင် ပူးပေါင်းပါဝင်ကြသည့်အတွက် ကလေးစာပေ ပွဲတော်များ တိုင်းဒေသကြီးပြည်နယ်အသီးသီးတွင် ကျင်းပရကျိုးနပ်အောင်  အောင်မြင်ခဲ့ကြပါသည်။ ကလေးစာပေများ မဖွံ့ဖြိုးမတိုးတက်ခြင်းသည် ကလေးများ၏ အနာဂတ်ကိုသာမက နိုင်ငံ၏ အနာဂတ်ကိုပါ ရိုက်ချိုးဖျက်ဆီးရာ ကျစေနိုင်သည်။ ကလေးများကလည်း ကလေးစာပေပွဲတော်ကြီး ကျင်းပပြီးနောက် စာကြည့်တိုက်များသို့ သွားပြီး စားများဖတ်ရန် အထူးလိုအပ်ပါသည်။

မြန်မာနိုင်ငံ၏ စာပေပညာရှင်ကြီးဖြစ်သည့် စာရေးဆရာကြီး ဆရဇော်ဂျီက “စာကြည့်တိုက်ဆိုတာ သာမန်အားဖြင့် စာအုပ်စာစောင်တွေကို စုပြီးတော့ ထိန်းထားတဲ့ အခန်းလေးတစ်ခု၊ အဆောက်အအုံလေး တစ်ခုပါ၊ ဒါပေမယ့် လေးလေးနက်နက် သုံးသပ်ကြည့်မယ်ဆိုရင် စာကြည့်တိုက်ဆိုတာဟာ စာပေလိုလားတဲ့ သူတစ်ဦးအတွက် မိမိဘာသာ လွတ်လွတ်လပ်လပ် အသိပညာကို ရှာဖွေတည်ဆောက်ယူနိုင်တဲ့ တက္ကသိုလ်ကြီးပါပဲ” ဟု ရေးသားခဲ့ပါသည်။ ထို့အတူ ဆရာကြီးပီမိုးနှင်းက “ကမ္ဘာမှာ ကြီးပွားတိုးတက် ထင်ပေါ်ကျော်ကြားခဲ့သော သောမတ်စ်အယ်ဒီဆင်၊ ဟင်နရီဖို့ဒ်၊ ဒေလ်ကာနက်ဂျီဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အင်မတန် စာဖတ်ကြပါတယ်။ စာဖတ်တဲ့အတွက် စာပေကနေ အသိဗဟုသုတတွေ ရကြတယ်။ အဲဒီဗဟုသုတတွေကို အခြေခံပြီးမှနောက် တစ်ဆင့်သူတို့ရဲ့ ကိုယ်ပိုင်အသိဉာဏ်တွေ ဆင့်ပွားရရှိပါတယ်။ ရရှိတဲ့ ကိုယ်ပိုင်အသိဉာဏ်ကို အခြေခံပြီး တီထွင်ဆောင်ရွက်လိုက်ကြတဲ့အခါ အောင်မြင်တိုးတက်ကြီးပွားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာပါတယ်”ဟု ပြောကြားထား ပါသည်။ ။

လူတစ်ယောက်သည် စာမဖတ်ဘဲနှင့် ကိုယ်ပိုင်အသိဉာဏ်ကို မရရှိနိုင်ပါ။ ကိုယ်ပိုင်အသိဉာဏ်မရှိရင်လည်း မတိုးတက်နိုင်ဘဲ သာမန်လူသားတစ်ယောက်နဲ့ပဲ ဘဝကို ပြီးသွားစေမှာ ဖြစ်ပါသည်။ ထို့ကြောင့် ကလေး၊ လူငယ်၊ လူကြီး အရွယ်သုံးပါးလုံး နေ့စဉ် စာဖတ်သင့်ပါ သည်။

ဆရာမကြီး ဒေါ်ခင်မျိုးချစ်ကလည်း “အရာရာကို အသိဉာဏ်ကသာ ဦးဆောင်တယ်။ လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အသိဉာဏ်ကပဲ ဦးဆောင်ရပါတယ်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်စေဖို့၊ တည်ငြိမ်အေးချမ်းဖို့ ၊ စံစားနိုင်ဖို့ဆိုရင် အသိဉာဏ်ပညာကပဲ ဦးဆောင်ပါတယ်တဲ့။ ယုတ်စွအဆုံး လောကီရေး သာမက လောကုတ္တရာရေးမှာလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ဆိုရင် အသိဉာဏ်ဦးမဆောင်ဘဲနဲ့ မရနိုင်ပါဘူး။ အသိဉာဏ်ရဲ့ အခြေခံကတော့ စာဖတ်ခြင်းပါပဲ” ဟု ရေးသားခဲ့ပါသည်။ ထို့ကြောင့် တိုင်းပြည် အတွင်းရှိ ပြည်သူပြည်သား အများစု အသိပညာဗဟုသုတ များစွာရပြီး အသိဉာဏ်မြင့်မားမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်တည်ငြိမ်အေးချမ်းမှာ ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့ လျားစာကြည့်တိုက် ယာဉ်နှင့် စက်ကိရိယာပစ္စည်းများ၊ စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က “စာဖတ်ပါ၊ စာဖတ်ပါလို့အမြဲပဲ ကျွန်မတို့ရဲ့ ပြည်သူ လူထုလူကြီး၊ လူငယ်မရွေးကို အားပေးပါတယ်။ စာဖတ်တယ်ဆိုတာ အသက်နဲ့ မဆိုင်ပါဘူး။ စာဖတ်တတ်လာပြီဆိုရင် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စာဖတ်လို့ ရပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေကို အားပေးချင်တာက တစ်နေ့ကိုတော့ နည်းနည်းတော့ စာဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ့်စိတ်ထဲမှာတော့ တစ်နေ့ကို တစ်ရွက်နှစ်ရွက်လောက်၊ စာမျက်နှာ နှစ်မျက်နှာလောက်တော့ ရအောင်ဖတ်မယ်ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု အမှာစကားပြောကြားသွားပါသည်။

ကလေးစာပေပွဲတော်မှ ကျောင်းသား ကျောင်းသူများ၊ ကလေး၊ လူငယ်များအတွက်သာမက လူကြီးများလည်း စာပေဗဟုသုတ ဟင်းအိုးကြီးကို စားသုံးလိုက်ရသလို စိတ်ပိုင်းအာဟာရများ၊ များစွာရရှိစေသည့်အတွက် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကလေးစာပေပွဲတော်မှသည် နိုင်ငံတစ်ဝန်းလုံး စာပေပွဲတော်များ ကျင်းပ ပေးနိုင်ခြင်းဖြင့် အမိမြန်မာနိုင်ငံသည် “စာငတ်၊ ပေငတ်၊ အသိငတ်၍ မတ်တတ်မြောက်သည့် သစ်ပင်လို”ဘဝများမှ ကင်းဝေးစေပြီး စိမ်းစိမ်းစိုစိုသစ်ပင်များဖြင့် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။

ဝတ်ရည်ခင်(ပဲခူး)