အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးကျေးဇူးများကို ဖော်ပြနိုင်ခဲ့သော ပြင်သစ် - မြန်မာ ဆက်ဆံရေး (၇၂) နှစ်တာ ကာလ

Mr Christian Lechery (မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး)

 

ကမ္ဘာပေါ်ရှိလူသားအားလုံးအတွက် ရသင့်ရထိုက်သည့် လွတ်လပ်မှုများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တန်ဖိုးများကို ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံသားများသည် ဇူလိုင်လ ၁၄ ရက်နေ့တိုင်းတွင် အတူတကွ စုဝေးဆင်နွှဲ တောင်းဆိုလေ့ရှိကြပါသည်။ ထိုနေ့တွင် ကမ္ဘာတစ်ဝန်း၌ ပြင်သစ်သံရုံးများသည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများကို ကြိုဆိုဧည့်ခံပြီး သူတို့၏နက်ရှိုင်းသော ချစ်ခင်ရင်းနှီးမှုကို ဖော်ထုတ်ပြကြပါသည်။ ယခုနှစ်တွင် Covid-19 ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးရန် ကျွန်ုပ်တို့ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ လူထုစုဝေးပွဲများဖြင့် မဆင်နွှဲနိုင်သော်လည်း ပြင်သစ် - မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ပေးခြင်းနှင့် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ချက်များသည် ကာလရှည်ကြာခဲ့ပြီဖြစ်သော ချစ်ကြည်ရေးသမိုင်းတွင် မှတ်တမ်းတင်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ရပါသည်။

 

ပြင်သစ်နှင့် မြန်မာနိုင်ငံတို့တွင် တူညီသော ဘုံပထဝီဝင်ရှိသည်ကို တစ်ခါတစ်ရံ ကျွန်ုပ်တို့မေ့လျော့ နေတတ်ကြပါသည်။ ကျွန်ုပ်တို့၏နှစ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာတွင် နယ်နိမိတ်ချင်း ထိစပ်နေကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကြွယ်ဝသော ဇီဝမျိုးကွဲများ တည်ရှိရာနေရာများကို ထိန်းသိမ်းရန် ကတိကဝတ် ပြုထားကြပါသည်။ ကျွန်ုပ်တို့၏ နှစ်နိုင်ငံသည် နှစ်ပေါင်းများစွာကတည်းက နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းထားပြီး ၁၉၄၈ ခုနှစ် ပထမသုံးလပတ်၌ သံတမန်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ကြခြင်းဖြစ်ပါသည်။

 

သမိုင်းနှင့်ယဉ်ကျေးမှုကဏ္ဍသည် နှစ်နိုင်ငံဆက်ဆံရေးကို များစွာဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး ယခုနှစ်တွင် ကျွန်ုပ်တို့သည် ဟန်လင်း (စစ်ကိုင်းတိုင်း) ၏ ရှေးဟောင်း သုတေသနလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း နှစ် (၂၀) မြောက် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပမည် ဖြစ်ပါသည်။ ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနပညာရှင်များအဖွဲ့သည် ပုံတောင်ဒေသ ဖွဲ့စည်းခြင်းဆိုင်ရာ ဖြစ်ပေါ်မှုများတွင် ပူးတွဲသုတေသန လုပ်ငန်းများကိုလည်း နှစ်ပေါင်း ၃၀ ကျော် လေ့လာခဲ့ရာမှ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အရာဝတ္ထုများကို တူးဖော်ထုတ်ယူနိုင်ခဲ့ပြီး ယခုအခါ နေပြည်တော် အမျိုးသားပြတိုက်တွင် စုဆောင်းထားလျက် ခင်းကျင်းပြသထားပါသည်။

 

စဉ်ဆက်မပြတ် တည်ရှိနေ

 

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) ၏ နှစ် (၆၀) မြောက် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်တွင်ကျင်းပမည် ဖြစ်ပါသည်။ ပြင်သစ်ယဉ်ကျေးမှုဌာနသည် ပညာရေး၊ အသိပညာ ဖလှယ်မှုနှင့် ပြောဆိုထုတ်ဖော်မှုပုံစံအားလုံးကို လက်ခံကျင်းပသော နေရာတစ်ခုဖြစ်သည့်အပြင် မြန်မာပြည်သူ၊ ပြည်သားများအတွက် အသက်အရွယ်၊ အတွေးအခေါ်နှင့် ကျား၊ မ လူမှုရေးဆိုင်ရာ မတူကွဲပြားမှုများ အားလုံးကို အလေးထားဆောင်ရွက်သောနေရာအဖြစ် စဉ်ဆက်မပြတ် တည်ရှိနေခဲ့ပါသည်။ ၎င်း၏မန္တလေး ဌာနခွဲသည်လည်း ယဉ်ကျေးမှုနှင့် ပညာရေးအကြား ဆက်နွယ်ဆွေးနွေးမှု၏ ရည်မှန်းချက်ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ ယခုနှစ်တွင် ပြင်သစ် ယဉ်ကျေးမှုဌာနများနှင့် ဂျိုးဇက်ကက် ဆဲလ် - ပြင်သစ်အပြည်ပြည်ဆိုင်ရာ အထက်တန်းကျောင်း (Lycée français Interational de RangounJoseph Kessel) တို့သည် အနာဂတ်၏ ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးပြု၍ ဆန်းသစ်သော တင်ဆက်မှုများနှင့် သင်ကြားမှုများကို ပြုလုပ်နိုင်ခဲ့ပါသည်။ ထို့ကြောင့် အဝေးသင် သင်တန်းများအတွက် အင်တာနက်နှင့် ဖေ့စ်ဘွတ်ခ်များ အသုံးပြုလျက် ယဉ်ကျေးမှုနှင့် ပျော်ရွှင်ဖွယ်ရာ လှုပ်ရှားမှုများစွာကိုလည်း ပရိသတ်များထံ ရောက်ရှိရန် နည်းပညာကို အသုံးပြုပြီး အင်တာနက်လိုင်းပေါ်သို့ တင်ထားပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန် ဆန်းသစ်တီထွင်မှုစင်တာ Yangon Innovation Center ၏ ဥယျာဉ်ထဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့မှောက်တွင် Louvre အပါအဝင် ပြင်သစ်အမျိုးသားပြတိုက် (၁၂) ခု၏ စုဆောင်းမှုများကို ပြသထားသည့် မိုဘိုင်းဒစ်ဂျစ်တယ်ပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ Micro-Folie Yangon သည် ဒစ်ဂျစ်တယ် ဖန်တီးမှုမော်ဒယ်လ်များမှတစ်ဆင့် ပုဂံကဲ့သို့သော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် နေရာများကို လေ့လာကြည့်ရှုနိုင်ပြီး လူငယ်များအတွက် စူးစမ်းရှာဖွေမှုများတွေ့ရှိရန် ဒစ်ဂျစ်တယ် အစီအစဉ်များစွာ ပြုလုပ်ပြီး အများပြည်သူ အားလုံးအတွက်လည်း ဖွင့်လှစ်ထားရှိပါသည်။

 

ကျွန်ုပ်တို့၏ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးသည် အနုပညာရှင်များ၏ ဖန်တီးမှုကိုလည်း တွန်းအားဖြစ်စေပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော ပထမဆုံးသော ဖက်ရှင်ပြပွဲသည် မြန်မာ့ရက်ကန်းအထည်များ ကြွယ်ဝမှု၏ လှုံ့ဆော်မှုကြောင့် ပြင်သစ်ဖက်ရှင် ဒီဇိုင်နာများ၏ အထည်ဒီဇိုင်းများ၊ ဆက်စပ်ပစ္စည်းများကို တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း တွေ့မြင်နိုင်ပါသည်။

 

မီးမောင်းထိုးပြထား

 

ပြင်သစ်ဝိုင်များ၊ ပြင်သစ်ယမကာများနှင့် အထူးအရသာရှိသော မြန်မာ့ဟင်းလျာများ တွဲဖက်နိုင်ပုံနှင့် မြန်မာ့မွေးမြူရေး လုပ်ငန်းရှင်များ၊ တံငါသည်များနှင့် တောင်သူလယ်သမားများ၏ ထုတ်ကုန်များသည် ပြင်သစ်အစား အစာများချက်ပြုတ်ရာတွင် အံ့သြဖွယ်ကောင်းအောင် လိုက်ဖက်သည်ကိုလည်း ပြင်သစ်၏ အရာသာ  Goût de France - Good France ပွဲတော်က မီးမောင်းထိုးပြထားပါသည်။ ဤပေါင်းစပ်မှု၏ ဝမ်းမြောက်ဖွယ်ကောင်းသော အထိမ်းအမှတ်သည် သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ပါရီမြို့ အပြည်ပြည်ဆိုင်ရာ ချောကလက်ပြပွဲ၌ မြန်မာနိုင်ငံတွင် ချောကလက်ထုတ်လုပ်သူ ပြင်သစ်လူမျိုးတစ်ယောက် စိုက်ပျိုးထုတ်လုပ်သည့် ကိုကိုးစေ့များကို ဆုချီးမြှင့်ခဲ့ခြင်းပင်ဖြစ်သည်။ ယဉ်ကျေးမှုနှင့် လက်မှုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပြင် ပြင်သစ်ကုမ္ပဏီများသည် စီးပွားရေး စီမံကိန်းများစွာကို မြန်မာနိုင်ငံတွင် မြှင့်တင်နေကြပါသည်။ ဤကုမ္ပဏီများသည် အသေးစား၊ အလတ်စားနှင့် ကမ္ဘာကျော်ကုမ္ပဏီကြီးများ မျိုးစုံပါဝင်ပါသည်။ ။

 

ပြင်သစ် - မြန်မာကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (FMCCI) တွင် ကုမ္ပဏီ ၂၀၀ နီးပါးကို စုစည်းထားပြီး ၎င်းတို့အားလုံးသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့် မြင့်မားသော လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံနှုန်းများကို လိုက်နာလျက် ၎င်းတို့၏ စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးသော နည်းပညာများနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေပါသည်။

 

ပြင်သစ်ကုမ္ပဏီများသည် သူတို့၏စီမံကိန်းများကို ရေရှည်အတွက် ရင်းနှီးမြှုပ်နှံထားပြီး အထူးသဖြင့် မြို့ပြစီမံကိန်း၊ လူသုံးကုန်ပစ္စည်းများ၊ စွမ်းအင်၊ ဝန်ဆောင်မှု၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းစသော ကဏ္ဍများတွင် ၎င်းတို့၏အောင်မြင်မှုများကို ၎င်းတို့၏ စီမံကိန်းများက သက်သေပြနေပါသည်။ မကြာသေးမီ လများအတွင်းက မြန်မာအစိုးရအဖွဲ့ဝင်များ၏ ပါရီမြို့သို့ တရားဝင် သွားရောက်ခဲ့ခြင်းနှင့် ယခုနှစ် အစတွင် ပြင်သစ်စီးပွားရေးဆိုင်ရာ အဖွဲ့ချုပ် (MEDEF International) ၏ “မြန်မာ” ကော်မတီမှ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်နှင့် နေပြည်တော်သို့ လာရောက်ခဲ့ခြင်းသည် ကျွန်ုပ်တို့၏ စီးပွားဆက်ဆံရေး ဖလှယ်မှုများ မည်မျှဖွံ့ဖြိုးတိုးတက်မှု ရှိကြောင်းနှင့် နှစ်နိုင်ငံ၏ အမြင့်ဆုံးအာဏာပိုင်များက ထောက်ခံ အားပေးနေကြကြောင်း ပြသခဲ့ပါသည်။

 

နှစ်ဖက်စလုံးက သဘောတူထားသည့် စီမံကိန်း များကို အကောင်အထည်ဖော်ရန် စိတ်ပိုင်းဖြတ်ထားသည့် အပြင် အနာဂတ်အတွက် စီမံကိန်းများကိုစောင့်ဆိုင်းမနေဘဲ ပြင်ဆင်ရန်လည်း ဆုံးဖြတ်ထားပါသည်။

 

ရေရှည်ဆက်ဆံရေးကို တည်ဆောက်

 

မြန်မာနှင့် ပြင်သစ်နိုင်ငံတို့သည် အပြန်အလှန်ယုံ ကြည်မှုအပြည့်အဝရှိပြီး ရင်းနှီးသော ရေရှည်ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြပါသည်။ ထိုသို့ ကျွန်ုပ်တို့ နှစ်နိုင်ငံ၏ နိုင်ငံရေး ဆက်ဆံမှု၏ အရည်အသွေးသည် အရေးကြီးသော အကြောင်းအရာများ တစ်ခုချင်းစီကို ပွင့်လင်းစွာဆွေးနွေးနိုင်စေပြီး အပြည်ပြည်ဆိုင်ရာ၊ ဒေသတွင်း၊ ယူရို - အာရှ၊ ကုလသမဂ္ဂ အစည်းအဝေးများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခွင့်ကိုလည်း ပေးပါသည်။ လူသားများ အချင်းချင်း ဆက်သွယ်မှုနှင့် နယ်မြေများ၏ ဆက်သွယ်မှုသည် အားလုံးအတွက် အရေးကြီးသောအချက်ဖြစ်ပါသည်။ ၎င်းသည် မြန်မာနိုင်ငံရှိ ပြင်သစ်နှင့် ဥရောပသမဂ္ဂတို့၏ ဖွံ့ဖြိုး တိုးတက်မှု အကူအညီပေးရေးအစီအစဉ်၏ အချက်အချာဖြစ်သည်။ ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (AFD) နှင့် ၎င်း၏ရန်ကုန်ရုံးခန်းသည် ဤအကူအညီပေးရေး အစီအစဉ်အတွက် သော့ချက်ဖြစ်ပြီးအဓိက မိတ်ဖက်လည်းဖြစ်ပါသည်။ မကြာသေးမီလများအတွင်း ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီသည် မြန်မာအစိုးရ၏ Covid-19 ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးမူဝါဒအား အထူးထောက်ခံ ကူညီခဲ့ပါသည်။ သိပ္ပံနှင့်နည်းပညာ ဖလှယ်မှုများ၊ ပညာရှင်များကို လေ့ကျင့်ပေးခြင်း၊ ပစ္စည်းကိရိယာများဖြန့်ဝေခြင်းနှင့် ငွေကြေးအကူအညီ အထောက်အပံ့များ ပေးအပ်ခဲ့ခြင်းသည် ကျွန်ုပ်တို့၏ ထောက်ခံအားပေးမှုကို ဖော်ပြနေပါသည်။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ရန်ကုန်နှင့်အတူ စတင်ခဲ့သော စီမံကိန်း၊ ပြည်နယ်များ (ဥပမာ - မန္တလေး) တွင် စတင်ခဲ့သည့် စီမံကိန်းများ၊ အိမ်နီးချင်းနိုင်ငံများ (ဥပမာ - ကမ္ဘောဒီးယား၊ လာအို) တို့နှင့် ပူးပေါင်း၍ ဆောင်ရွက်သောစီမံကိန်းများအပြင် အရပ်ဘက် လူ့အဖွဲ့အစည်းများမှတစ်ဆင့် အကောင်အထည်ဖော်သည့် လုပ်ငန်းများသည် လာမည့်နှစ်များတွင်လည်း ထိုကဲ့သို့သော ကြိုးပမ်းအားထုတ်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်ပါသည်။ ။

 

Covid-19 ရောဂါကို အတူပူးတွဲတိုက်ခိုက်ခြင်းနှင့် ၎င်း၏အကျိုးသက်ရောက်မှုများသည် ကျွန်ုပ်တို့၏နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းများအားလုံးကို ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပေါ်စေပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင်နေထိုင်သော ပြင်သစ်နိုင်ငံသားတို့အကြား စည်းလုံးညီညွတ်မှုကိုလည်း ဖြစ်ပေါ်စေခဲ့ပါသည်။ ပြင်သစ်ကုမ္ပဏီများ၊ ပြင်သစ်နိုင်ငံသားများနှင့် ၎င်းတို့၏ မိသားစုများသည် ရန်ကုန်နှင့် ပြည်နယ်များရှိ ကူးစက် ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်မှု ကြိုးပမ်းအားထုတ်မှုများကို ကူညီသော အစီအစဉ်များကို ပြုလုပ်ခဲ့ကြပါသည်။ ဤအလိုအလျောက် ဆောင်ရွက်သော အစီအစဉ်များသည် ပြင်သစ်နိုင်ငံသားများ၏ မြန်မာနိုင်ငံ နှင့် ၎င်း၏ ပြည်သူများအပေါ် ထားရှိသော တွယ်တာမှုကို ပေါ်လွင်စေပါသည်။ ကျွန်ုပ်တို့၏ သံတမန်ဆက်ဆံရေး (၇၂) နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ပြီးသောကြောင့် ကျွန်ုပ်တို့သည် နှလုံးသားနှင့် ရိုးသားဖြောင့်မတ်စွာဖြင့် ကျွန်ုပ်တို့၏ အနာဂတ်ကို အတူတကွပြင်ဆင်နေကြပါသည်ဟု ပြောဆိုနိုင်ပါသည်။

 

ပြင်သစ် - မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အဓွန့်ရှည်ပါစေ။ ။