အမေရိကန်ကို ကျေနပ်အားရစေတဲ့ မက္ကဆီကိုရဲ့ လုပ်ဆောင်ချက်

ခြူးစန္ဒီနွေး

ရှေးအစဉ်အဆက်ကတည်းက အမေရိကန်နိုင်ငံတွင်းကို ခိုးဝင်နေထိုင်ဖို့ ကြိုးစားကြသူတွေအတွက် မက္ကဆီကိုဟာ လမ်းကြောင်းတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်းဆိုသလို ထောင်နဲ့ချီတဲ့လူတွေဟာ အမေရိကန်နိုင်ငံအတွင်း ခိုးဝင်နေထိုင်နိုင်ဖို့ ကြိုးစားကြပါတယ်။ မက္ကဆီကိုအာဏာပိုင်တွေကတော့ ဒါကို တားဆီးခြင်းမရှိဘဲ ဒီအတိုင်း လွှတ်ပေးထားတဲ့အကြိမ် အရေအတွက်က များပါတယ်။

တင်းတင်းကျပ်ကျပ်ဟန့်တား

အခုမက္ကဆီကို အစိုးရအသစ်ရဲ့ လက်ထက်မှာတော့ အခြေအနေတွေ ပြောင်းလဲကုန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ မက္ကဆီကိုနိုင်ငံကို ဖြတ်ကျော်ဖို့ကြိုးစားကြတဲ့ ဗဟိုအမေရိက ကနေလာတဲ့ ရွှေ့ပြောင်းနေထိုင် သူလူအုပ်ကြီးကို တင်းတင်းကျပ်ကျပ် ဟန့်တားတာတွေကို တွေ့မြင်လာရပါတယ်။ မက္ကဆီကိုအစိုးရဟာ မကြာသေးမီရက်များအတွင်းမှာပဲ နိုင်ငံရဲ့ တောင်ပိုင်းနယ်စပ်ကို ချဉ်းကပ်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူလူအုပ်ကြီးကို ထိရောက်စွာ ဖြိုခွင်းလိုက်တာကို တွေ့မြင်ရမှာပါ။ တရားဝင် ဝင်ရောက်မယ် လို့ ရွေးချယ်တဲ့သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေပေးမယ်လို့ မက်လုံးပေးဆွဲဆောင်ခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ငရုတ်ကောင်းဖျန်းဆေးသုံးပြီးလူစုခွဲတာ၊ ဖမ်းဆီးထိန်းသိမ်းတာ၊ နေရပ်ပြန်ပို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

တစ်စတစ်စလျော့ပါး

ဇန်နဝါရီ ၂၄ ရက်မှာတော့ လူဦးရေ ၄၀၀၀ ပါရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးဟာ တစ်စတစ်စနဲ့လျော့ပါးသွားလိုက်တာ လူအနည်းငယ်သာ ကျန်ရှိပါတော့တယ်။ လူပေါင်း ၁၀၀၀ ကျော်ကိုတော့ ဟွန်ဒူးရပ်စ်နိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး လူ ၈၀၀ ကိုတော့ မက္ကဆီကိုနိုင်ငံအတွင်းမှာပဲ ထိန်းသိမ်းထားပါတယ်လို့ မက္ကဆီကိုအာဏာပိုင်တွေက ပြောပါတယ်။ ဟွန်ဒူးရပ်စ်ကနေ ကားမောင်းပြီးလာခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် ရိုနီဘန်နီတင်ဇ်ကတော့ မက္ကဆီကိုနိုင်ငံအတွင်း ဝင်ရောက်ဖို့ မလွယ်ကူတာကို တွေ့ရလို့ ဒီအတိုင်းပဲ စောင့်ကြည့်နေခဲ့တယ်လို့ ပြောပါတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို နှိမ်နင်းမယ်ဆိုတဲ့ မက္ကဆီကိုအတွက်တော့ ဒီဖြစ်ရပ်ဟာ စမ်းသပ်မှုကြီးတစ်ရပ်ပါပဲ။

ထရမ့်၏ ဖိအားပေးမှု

အမေရိကန် သမ္မတထရမ့်ရဲ့ ဖိအားတွေအောက်မှာ လွန်ခဲ့တဲ့နှစ်ကစပြီး မူဝါဒအပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ သမ္မတထရမ့်ကတော့ တကယ်လို့များ မက္ကဆီနိုင်ငံဘက်ကနေ တရားမဝင်ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားနေ ကြတဲ့လူအုပ်ကြီးကို မဟန့်တားနိုင်ဘူးဆိုရင် နယ်စပ်ကို ပိတ်ပစ်မှာ ဖြစ်တဲ့အပြင် အခွန်စည်းကြပ်မှုတွေလည်း ပြုလုပ်မယ်လို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကို အခုလိုမျိုး အင်အားသုံးနှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် လူ့အခွင့်အရေးကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲမှုတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတထရမ့်ရဲ့အစိုးရအဖွဲ့ကတော့ မက္ကဆီကိုအစိုးရရဲ့လုပ်ရပ်ကို ချီးကျူးစကားဆိုခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်မှုတွေမှာ တင်းကျပ်မှု ပြုလုပ်ပေးခဲ့တဲ့အတွက် အမေရိကန်အတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခြင်းမရှိ

မက္ကဆီကိုအစိုးရဘက်ကနေ ပိုမိုပူးပေါင်းဆောင်ရွက်လာတာကိုလည်း တွေ့ရတယ်။ အလားတူပဲ အယ်လ်ဆာဘေဒိုး၊ ဟွန်ဒူးရပ်စ်နဲ့ ဂွါတီမာလာအစိုးရ တို့ကလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတယ်လို့ အမိမြေလုံခြုံရေး ဆိုင်ရာဒုတိယအကြီးအကဲ ကန်နက်တီ ကွန်ချင်နယ်လီက သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။

လာမယ့်သီတင်းပတ်အတွင်းမှာ ခိုလှုံခွင့်တောင်းခံတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံသားတွေကို ပြန်ပို့ဖို့ အစီအစဉ်တစ်ရပ်အတွက် ဟွန်ဒူးရပ်စ်အစိုးရနဲ့ ဆောင်ရွက် သွားဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ မက္ကဆီကို သမ္မတ အန်းဒရက်စ်မန်နျူရယ်လိုပက်ဇ်အိုဘရာဒိုကတော့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေဟာ ရွှေ့ပြောင်း နေထိုင်သူတွေကို ဖြိုခွင်းတဲ့အခါ လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့ခြင်း မရှိဘူးဆိုပြီး ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးကိုလည်း လေးစားပြီး ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်သွားခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ထရမ့်အတွက် ဒေါသဖြစ်စရာ

ပြဿနာကိုကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မက္ကဆီကိုသမ္မတက ပြောကြားခဲ့ပါတယ်။ မက္ကဆီကိုသမ္မတဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ အာဏာရလာခဲ့ပြီး အဲဒီအချိန်မှာပဲ ဗဟိုအမေရိကကနေ ထွက်ခွာလာကြတဲ့ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်ခံရမှု၊ နိုင်ငံရေး မတည်ငြိမ်မှုတို့ကြောင့် ဗဟိုအမေရိကကနေ ထွက်ခွာလာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူလူအုပ်ကြီးဟာ အမေရိကန်အနောက်တောင်ပိုင်း နယ်စပ်ကို ရောက်ရှိအောင် ဦးတည်လာခဲ့ကြပါတယ်။

ဒီလူအုပ်ကြီးကို ဟန့်တားမယ့်အစား မက္ကဆီကိုသမ္မတဟာ တံခါးတွေ ဖွင့်ပေးခဲ့ပြီး မက္ကဆီကို နိုင်ငံအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမယ်လို့ ကတိပြုခဲ့ပါတယ်။ နောက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဗီဇာတွေကိုလည်း ထုတ်ပေးခဲ့ပါတယ်။ သူ့ရဲ့ အပြုအမူကြောင့် လူအစုလိုက် အဝေးလိုက် ရွှေ့ပြောင်းလာမှုဟာ တဖြည်းဖြည်းများလာခဲ့ပြီး အမေရိကန်သမ္မတ ထရမ့်အတွက် ဒေါသထွက်စရာ ဖြစ်လာခဲ့ပါတယ်။

သိသိသာသာလျှော့ချနိုင်

အမေရိကန်ဘက်ကနေ ဖိအားပေးမှုတွေ လုပ်ဆောင်လာတဲ့အခါမှာတော့ မက္ကဆီကိုဘက်ကလည်း အရင်လိုလုပ်နေလို့မရတော့ပါဘူး။ အထောက်အထားမဲ့ ခိုးဝင်နေထိုင်သူတွေကို ထိန်းသိမ်းတာ၊ ဖြိုခွင်းတာ တွေကို သိသိသာသာလုပ်ဆောင်လာရပါတယ်။ ထရမ့်ဟာ ဒီလောက်နဲ့ တင်ရပ်မနေသေးပါဘူး။ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ အယ်လ်ဆာဘေဒိုးနိုင်ငံတို့ကိုလည်း ရွှေ့ပြောင်းနေထိုင်သူအရေအတွက် လျော့ကျစေဖို့ ဖိအားပေး လုပ်ဆောင်တာတွေ လုပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ မကြာသေးမီ လတွေအတွင်း မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်ကို ဦးတည်လာတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို သိသိသာသာ လျှော့ချနိုင်လာတာကို တွေ့ရပါတယ်။

မက်လုံးပေးဆွဲဆောင်

အခုလတ်တလောမှာ မက္ကဆီကိုနယ်စပ်ကို ချဉ်းကပ်လာတဲ့ လူအုပ်ကြီးကတော့ ခြေကျင်ခရီးလာရောက်ကြသူတွေဖြစ်ပြီး သူတို့တစ်တွေ နယ်စပ်ကို စတင်ချဉ်းကပ်လာကတည်းက မက္ကဆီကိုအစိုးရဟာ သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နယ်စပ်ဖြတ်ကျော်မှုမှတ်တမ်းမှာ တရားဝင်မှတ်ပုံ တင်ကြဖို့ ၊တရားမဝင် ဝင်ရောက်လာတာကို ဆက်ပြီးသည်းခံနေမှာမဟုတ် ဘူးဆိုတာကို အသိပေးခဲ့ကြပါတယ်။

မက္ကဆီကိုသမ္မတကလည်း တရားဝင် ဝင်ရောက်လာသူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးမယ်ဆိုပြီး မက်လုံးပေးဆွဲဆောင်ခဲ့ပါတယ်။ မက္ကဆီကိုတောင်ပိုင်းဒေသမှာ အလုပ်နေရာပေါင်း ၄၀၀ဝ ခန့် လိုအပ်နေ တယ်လို့ ပြောခဲ့ပါတယ်။ တချို့တွေကလည်း နယ်စပ်ဖြတ်ကျော်မှုမှာ မှတ်ပုံတင်ကြပါတယ်။ တချို့တွေကျတော့လည်း ဒီအတိုင်းဝင်ရောက်ဖို့ ကြိုးပမ်းကြပါတယ်။ အဲဒီမှာ မက္ကဆီကို လုံခြုံရေးတွေနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ကြတာပါပဲ။

အမေရိကန်အတွက် ကျေနပ်စရာ

မက္ကဆီကိုအာဏာပိုင်တွေက လူပေါင်း ၁၀၀၀ ကို နေရပ်ပြန်လည် ပို့ဆောင်ခဲ့ပြီး ၈၀ဝ ကို ထိန်းသိမ်းထားတယ်လို့ ပြောတဲ့အတွက် ထိန်းသိမ်းခံထားရတဲ့ လူ ၈၀၀ ဟာ နေရပ်ပြန်ပို့ခံရမှာလား ဒါမှမဟုတ် ခိုလှုံခွင့်တောင်းခံဖို့ အခွင့်အရေးရမှာလားဆိုတာလည်း မသဲကွဲပါဘူး။ နယ်စပ်ဖြတ်ကျော်မှုမှာ တရားဝင်မှတ်ပုံတင်ခဲ့တာကတော့ လူပေါင်း ၁၈၀၀ ခန့်ရှိတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ဒီသတင်းဟာ အမေရိကန်အတွက်တော့ ကျေနပ်စရာပါပဲ။ အမေရိကန် နယ်စပ်ကို ဦးတည်လာတဲ့ ရွှေ့ပြောင်းသွားလာသူတွေကို လျော့ချနိုင်ဖို့ ထရမ့်အစိုးရရဲ့ကြိုးပမ်းမှုဟာ အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်လာတဲ့ သဘောပါပဲ။ ဒါကြောင့်လည်း မက္ကဆီကို ကို လူ့အခွင့်အရေးချိုးဖောက် တယ်ဆိုပြီး ပြောဆိုဝေဖန်မှုတွေရှိပေမယ့် အမေရိကန်ဘက်ကတော့ ချီးကျူးစကားဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ။

ကိုးကား - နယူးယောက်တိုင်းမ်