အိမ်မဲမြို့ တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီး ရုပ်ရှင်တော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းနှင့် (ပထမအကြိမ်) မသိုးသင်္ကန်း ရက်လုပ် လှူဒါန်း

အိမ်မဲ   ၁၂  နိုဝင်ဘာ

 

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ချောင်းဝပိုင်းရပ်ကွက်ရှိ အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီး ရုပ်ရှင်တော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းနှင့် (ပထမအကြိမ်) မသိုးသင်္ကန်း ရက်လုပ် ဆက်ကပ်လှူဒါန်းပွဲဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲကို နိုဝင်ဘာ ၁၀ ရက်ညနေ ၅ နာရီခွဲက ရှင်ပင်ချမ်းသာဘုရားရွှေ ကျောင်းတော်ရှေ့ ကရဝိတ်ဖောင်တော်ဆိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆပ်ကပ်လှူဒါန်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ ရှင်ပင်ချမ်းသာဘုရား ဂေါပက နာယက ဦးသိန်းအောင်နှင့် မြို့မိမြို့ဖ ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး ရှင်ပင်ချမ်းသာဘုရား ဂေါပကဥက္ကဌ ဦးဇော်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက မသိုးသင်္ကန်းအားစတင်၍ရက်လုပ် ပူဇော်ခဲ့ကြသည်။

 

မနက် အရုဏ်တက်ချိန်တွင် ရက်လုပ်ပြီးသော မသိုးသင်္ကန်းနှင့် ရှင်ပင်ချမ်းသာကြီး ဘုရားရုပ်ရှင်တော်မြတ်ကြီးအား လက်ယာရစ်သုံးပတ်ပတ်ကာ ဘုရားကြီးကို ကပ်လှူပူဇော်မှာ ဖြစ်ပြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကို ၁၄ရက်၁၅ရက်နဲ့လပြည့်ကျော်၁ ရက်နေ့ညများတွင် ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)