အာဟာရကဏ္ဍပြုပြင်ပြောင်းလဲရေး အစီအစဉ်၏ မူဝါဒဆိုင်ရာအစည်းအဝေး ပထမအကြိမ်ကျင်းပ

mdn

နေပြည်တော် ၂၇ အောက်တိုဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဥရောပသမဂ္ဂ၏ အထောက်အပံ့ဖြင့် အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ် (Nutrition Sector Reform Contract- NSRC) ကို ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် CERP ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့အကြား အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေးအစီအစဉ်၏ မူဝါဒဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် Zoom Application ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်း၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနနှင့် ငွေတိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်  EU Deligation  မှ Johann H. Mr Hesse နှင့် Mr.Alvaroတို့ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် Dr. Johann H. Hesse နှင့် Mr.Alvaro တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ဆက်လက်၍ သက်ဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက "ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံ ချက်"(CERP) နှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကို လည်းကောင်း၊ စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က NSRC အစီအစဉ်တွင် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(ADS)နှင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဆိုင်ရာစီမံကိန်း (MS-NPAN) တို့ကို ချိတ်ဆက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ် (NSRC) ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ သတ်မှတ်ချက် ပြည့်မီရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ အစည်းအဝေး တက်ရောက်လာကြသူများက NSRC အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အကောင်းဆုံးနည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်