အာဆီယံလူ့အသိုက်အဝန်းကို အကာအကွယ်ပြုခြင်းဆိုင်ရာ Regional Webinar အစည်းအဝေး ကျင်းပ

နေပြည်တော် ၂၄ နိုဝင်ဘာ

ကမ္ဘောဒီးယားနိုင်ငံရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာန (ARMAC) တွင် ကိုဗစ်-၁၉ ကာလအတွင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ် အသိပညာပေးမှု (Explosive Ordnance Risk Education) အကောင်အထည်ဖော်ခြင်းဖြင့် အာဆီယံ လူ့အသိုက်အဝန်းကို အကာအကွယ်ပြုခြင်းဆိုင်ရာ Regional Webinar အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံသံအမတ်ကြီး Mr. Patrick Murphy ၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mr. Vu Quang Minh (the Chair of the Steering Committee of ARMAC)၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ မိုင်းရှင်းလင်းရေးဗဟိုဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် UNICEF မှ Child Protection Specialist တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ကိုဗစ်-၁၉ ကာလအတွင်း မိုင်းအန္တရာယ် အသိပညာပေး (Mine Risk Education) လုပ်ငန်းများ မည်သို့ဆောင်ရွက်နေကြသည်ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ASEAN Regional Mine Action Centre – ARMAC)ကို ၂၀၁၂ ခုနှစ်တွင် အာဆီယံထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် တည်ထောင်ခဲ့ကြောင်း၊ မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်ကျန်လက်နက်ပစ္စည်းများအန္တရာယ် ကြုံတွေ့နေရသည့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး မိုင်းအန္တရာယ် အသိပညာပေးရေး လုပ်ငန်းများအတွက် အမြင်ချင်းဖလှယ်မှု၊ တိုင်ပင်ဆွေးနွေးမှု ဆောင်ရွက်နေကြသော ဌာနဖြစ်ကြောင်း သိရသည်။   

သတင်းစဉ်