အာဆီယံဒေသတွင်း ကျောင်းများနှင့် အွန်လိုင်းများတွင် ကလေးသူငယ်များ ဆိုက်ဘာတိုက်ခိုက်ခံရမှုဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး အွန်လိုင်းဖြင့်ကျင်းပ 

နေပြည်တော်  ၂၆  နိုဝင်ဘာ

ဗီယက်နမ်နိုင်ငံ၊ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးဝန်ကြီးဌာန၏စီစဉ်မှုဖြင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး နှင့် UNICEF တို့ပူးပေါင်းပါဝင်သည့် အာဆီယံဒေသတွင်းရှိ ကလေးသူငယ်များအနေဖြင့် ကျောင်းများနှင့် အွန်လိုင်းများတွင် အနိုင်ကျင့်ခြိမ်းခြောက်ခံရမှုများ၊ ဆိုက်ဘာတိုက်ခိုက်ခံရမှုများနှင့် စပ်လျဉ်းသည့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး (1st Online Meeting of Bullying Children at Schools and Online in ASEAN)ကို ယနေ့နံနက်ပိုင်းက အွန်လိုင်းဖြင့် ကျင်းပသည်။ 

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်ရေးနှင့် မြှင့်တင်ရေး အခွင့်အရေးဆိုင်ရာ ကော်မရှင်(ACWC)၊ အာဆီယံပညာရေးအဆင့်မြင့် အရာရှိကြီးများအဆင့် (SOM-ED)၊ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် (SOMSWD)၊ အာဆီယံ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် (SOMHD)တို့မှ တာဝန်ခံများ၊ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR)၊ ယူနီဆက်ဖ်(UNICEF)၊ ယူနက်စကို(UNESCO)၊ Save the Children၊ အခြား သက်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၊ ကဏ္ဍအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာကဏ္ဍမှ တာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ-အာဆီယံ ပြန်ကြားရေး အဆင့်မြင့်အရာရှိကြီးများ အဆင့်(SOMRI-Myanmar)ကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များအနေဖြင့် ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများနှင့် ၎င်းတို့၏ သဘောထားအမြင်များ၊ ဆိုက်ဘာတိုက်ခိုက်ခံရခြင်းများ၊ အကြမ်းဖက်ခြိမ်းခြောက်မှုများအပေါ် ဆန့်ကျင်တိုက်ဖျက်ရေး နှင့် ကာကွယ်တားဆီးရေးအတွက် ဆောင်ရွက်ချက်များ၊ အာဆီယံဒေသတွင်း ဖြစ်ပေါ်နိုင်မည့် စိန်ခေါ်မှုများနှင့် ရရှိလာနိုင်မည့် အခွင့်အလမ်းများ၊ အာဆီယံဒေသတွင်း နိုင်ငံများအကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များအား UNICEF အပါအဝင် သက်ဆိုင်ရာ အာဆီယံ Sectoral body များမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးကြသည်။ အဆိုပါ ဆွေးနွေးမှုမှရရှိသည့် အကြံပြုချက်များ၊ သုံးသပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပြန်လည်စုစည်းကာ ဒေသတွင်း အဆင့်ဆွေးနွေးပွဲ(Reginal Dialogue) တစ်ရပ်အား ၂၀၂၁ ခုနှစ်တွင် ထပ်မံပြုလုပ်ရန်ရှိကြောင်း အာဆီယံနိုင်ငံများတွင် ကလေးသူငယ်များအနေဖြင့် ကျောင်းများတွင် အနိုင်ကျင့် ခြိမ်းခြောက်ခံရခြင်းများ၊ အွန်လိုင်းများပေါ်တွင် ဆိုက်ဘာတိုက်ခိုက်ခံရခြင်းများ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် ကလေးသူငယ်များအတွက် ဘေးကင်းလုံခြုံစိတ်ချရပြီး လေ့လာသင်ယူမှုကောင်းသည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ရေး၊ လက်ရှိဖြစ်ပေါ်နေသည့် ကျောင်းနှင့်အွန်လိုင်းများတွင် ကလေးသူငယ်များ ဆိုက်ဘာတိုက်ခိုက်ခြင်း ခံရခြင်းနှင့် စပ်လျဉ်း၍ အသိပညာတိုးမြှင့်လာစေရေး၊ ယင်းအကြောင်းအရာနှင့် စပ်လျဉ်း၍ ဒေသတွင်းနှင့် နိုင်ငံတကာ အတွေ့အကြုံများအား သင်ယူလေ့လာရေးနှင့် အသိပညာများ ဖြန့်ဝေပေးရေး၊ ကလေးသူငယ်များအနေဖြင့် ကျောင်းများနှင့် အွန်လိုင်းဆိုက်ဘာတိုက်ခိုက်ခံရမှုများမှ ကင်းစင်လွတ်မြောက်နိုင်ရန် ရှေးရှု၍ အာဆီယံဒေသတွင်း သက်ဆိုင်ရာ Sectoral body များအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်