5G ကွန်ရက်ကို အသုံးပြုနိုင်မယ့် Oppo စမတ်ဖုန်းသစ် RENO 3

Oppo RENO 3 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်မှာမှ နိုင်ငံတကာမှာ စတင်ပြသရောင်းချခဲ့ပြီး RENO 3 နဲ့အတူ RENO3 Pro စမတ်ဖုန်းကိုပါ ပြသခဲ့ပါတယ်။ ဖုန်း နှစ်မျိုးစလုံးဟာ လက်ရှိအချိန်မှာ ပြည်တွင်းဈေးကွက်ထဲကို ဝင်ရောက်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ပြည်တွင်း ဈေးကွက်မှာ လူကြိုက်များ နာမည်ရထားတဲ့ Oppo RENO စီးရီးရဲ့ အသစ်ထွက်ဖုန်းဖြစ်သလို မကြာခင်မှာ ဈေးကွက်ထဲ ဝင်လာမှာဖြစ်တာကြောင့် Oppo RENO 3 ရဲ့ အချက် အလက်တွေကို ဖော်ပြလိုက်ပါတယ်။

 

RENO 3 ဟာ ကွန်ရက်ပိုင်းမှာ 4G အပြင် 5G ကွန်ရက် ကိုပါ အသုံးပြုနိုင်ဖို့ အပြည့်အဝ ထောက်ပံ့ပေးထားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ ပြည်တွင်းမှာ လက်ရှိအချိန်မှာ 5G နည်းပညာကို မရသေးပေမယ့် အော်ပရေတာတွေက စမ်းသပ်နေပြီဖြစ်တာကြောင့် ရလာတဲ့အခါ အဆင်သင့်ဖြစ် စေမှာ ဖြစ်ပါတယ်။

 

မျက်နှာပြင်အကျယ်ဟာ ၆ ဒသမ ၄ လက်မရှိလို့ အရွယ်အစားကြီးမားပြီး Resolution က 1080x2400 pixels ရှိလို့ ရုပ်ထွက်အရည်အသွေး ကောင်းမွန်ပါတယ်။ AMOLED screen အမျိုးအစားဖြစ်ပြီး screen ရော၊ ကျော ဘက်ကိုယ်ထည်ရော ဖန်သားဖြစ်လို့ ဖုန်းရဲ့ဒီဇိုင်းပိုင်းက သပ်ရပ်လှပပါတယ်။ မျက်နှာပြင်ကိုရော ကိုယ်ထည်ကိုပါ ထိခိုက်မှုတွေက ကာကွယ်နိုင်ဖို့ Gorilla glass 5 နဲ့ ဖုံးအုပ် ထားပါတယ်။

 

အန်းဒရွိက်ဗားရှင်းက နောက်ဆုံးထွက် 10.0(Pie)ကို Oppo ရဲ့ Color OS 7 နဲ့ တွဲထားပါတယ်။ Chipset ပိုင်း မှာတော့ Mediatek Dimensity 1000L(7nm)ကို သုံးထား ပြီး CPU က Octa-core ဖြစ်ပါတယ်။ RAM နဲ့ အင်တာနယ် မင်မိုရီ အနေနဲ့တော့ နိုင်ငံတကာဈေးကွက်မှာ 8GB/128GB နဲ့ 12GB/128GB လို့ နှစ်မျိုး ရောင်းချနေတာတွေ့ရပါတယ်။

 

ကင်မရာပိုင်းမှာတော့ နောက်ဘက် ကင်မရာဟာ ၆၄ မဂ္ဂါပစ်ဇယ် ပင်မကင်မရာနဲ့အတူ ၈ မဂ္ဂါပစ်ဇယ် (ultra-wide) ကင်မရာ၊ ၂ မဂ္ဂါပစ်ဇယ် (Macro)ကင်မရာနဲ့ ၂ မဂ္ဂါ ပစ်ဇယ်(depth sensor)ကင်မရာတွေ ပါဝင်တဲ့ Quad Camera ဖြစ်လို့ စွမ်းဆောင်ရည်ကောင်းမွန်ပြီး 2160 pixels အရည်အသွေးရှိတဲ့ ဗွီဒီယိုတွေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဆယ်လ်ဖီကင်မရာက ရေစက်ပုံ notch ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ ဆယ်လ်ဖီကင်မရာကလည်း ၃၂ မဂ္ဂါပစ်ဇယ်ရှိလို့ အရည် အသွေးကောင်းမွန်ပြီး ဆယ်လ်ဖီဝါသနာရှင်တွေ အကြိုက် တွေ့စေမှာဖြစ်ပါတယ်။

 

အခြား ထူးခြားချက်တွေအနေနဲ့ ဘက်ထရီဟာ 4025 mAh ရှိတဲ့ Li-Po ဘက်ထရီဖြစ်လို့ အချိန်ကြာကြာ ဂိမ်း ကစား၊ အင်တာနက်သုံးတတ်သူတွေအတွက် အဆင်ပြေ စေမှာဖြစ်ပြီး အလျင်အမြန် အားပြန်သွင်းနိုင်မယ့် VOOC 4.0 အမြန်အားသွင်းစနစ်လည်း ပါဝင်ပါတယ်။ USB က 3.1 နဲ့ ခေါင်းက Type-C reversible connector ဖြစ်ပြီး On-The-Go စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ လက်ဗွေစနစ်ကတော့ ဖုန်းမျက်နှာပြင်ထဲမှာပဲ under display အနေနဲ့ ပါဝင်ပါတယ်။

ကိုယ်ထည်အရောင်တွေအနေနဲ့ အဖြူ၊ အနက်နဲ့ အပြာ ရောင်တွေ ရရှိနိုင်မှာဖြစ်ပြီး ပြည်တွင်းဈေးကွက်ထဲကို မရောက်သေးလို့ ဈေးနှုန်းအတိအကျကိုတော့ မသိရသေး ပါဘူး။ နိုင်ငံတကာဈေးကွက်မှာ ကြေညာထားတဲ့ ဈေးနှုန်း က ယူရို ၄၄၀ ဖြစ်လို့ ပြည်တွင်းကို ရောက်လာချိန်မှာ ကျပ် ခုနစ်သိန်းကျော်လောက် ရှိနိုင်ပါတယ်။

 

သူရဖြိုး